နိုင်ငံတ၀န်း ရိုးရာနွားလှည်းပြိုင်ပွဲများ ကျင်းပပေးရန် တောင်သူကြီးများ တောင်းဆို

တောင်သူဦးကြီးတွေက ကျေးလက်ယဉ်ကျေးမှု အစဉ်အလာဖြစ်တဲ့ နွားလှည်း ပြိုင်ပွဲတွေကို အစိုးရအနေနဲ့ နှစ်စဉ်နှစ်တိုင်း တနိုင်ငံလုံးမှာ  ဦးဆောင်ကျင်းပပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။ လှည်းကူးမြို့နယ်၊ ဇီးပင်ဝဲကျေးရွာ အနောက်ပိုင်းဘုန်းတော်ကြီးကျောင်း ဆရာတော် သိက္ခာထပ်၊ ရဟန်းခံရှင်ပြု၊ နားသပွဲမှာ ကျေးလက်ယဉ်ကျေးမှု အစဉ်အလာဖြစ်တဲ့ နွားလှည်းပြိုင်ပွဲတွေကို  ကိုယ်ထူကိုယ်ထ ကျင်းပတဲ့ပွဲမှာ အခုလို တောင်းဆိုခဲ့ကြတာပါ။ ပြိုင်ပွဲမှာ ပထမရတဲ့ လှည်းကူးမြို့ အုန်းနှဲကုန်းကျေးရွာနေ ဦးအောင်မြင့်က    “နိုင်ငံတော်က အစိုးရအနေနဲ့ ကျနော်တို့လယ်သမားတွေကို အသိအမှတ်ပြုပြီး ဒီလိုမျိုးပြိုင်ပွဲမျိုးတွေ ကျင်းပပေးမယ်။ ပြုစုပျိုးထောင်ပေးမယ်ဆိုရင် ကျနော်တို့ လယ်သမားတွေရဲ့ အစဉ်အလာမပျက်ရေးအတွက် အထွတ်အထိပ်သိပ်ပြီးတော့ ၀မ်းသာ တာပေါ့။ အရမ်းကောင်းတာပေါ့” လို့ ပြောပါတယ်။ ပွဲစီစဉ်ကြီးကြပ်သူ လှည်းကူးမြို့၊ ရန်ကုန်တိုင်းဒေသကြီး ဦးဌေးဝင်းက    “တောင်သူလယ်သမားဆိုတာလည်း ဒီနွားနဲ့အတူယှဉ်တွဲ အလုပ်လုပ်နေရတာ လေ။ အလုပ်လုပ်နေရတော့ ဒီနွားကိုပဲ တန်ဖိုးထားပြီးတော့ အလုပ်လုပ်ရတာပေါ့။ ဒါ့ကြောင့် တောင်သူလယ်သမားတွေရဲ့ ရိုးရာဓလေ့လည်း ထွန်းကားအောင်ပေါ့။ နွား မျိုးကောင်းမျိုးသန့်တွေ ရှေ့ဆက်ပြီးတော့ မွေးနိုင်အောင် အကုန်လုံး ထောက်ပံ့ပေးနိုင် ရင်တော့ ပိုကောင်းပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ပေးနိုင်တဲ့အဆင့်ဆိုရင်တော့ နွားတွေက ပိုပြီးတော့ အဆင့်အတန်းတွေလည်း မြင့်လာမယ်။ နယ်စုံကလည်း လာရောက်ပြီးတော့ ယှဉ်ပြိုင်နိုင်တဲ့အဆင့်တွေ ဖြစ်လာမှာပေါ့။ နွားကောင်းတွေလည်း ပိုပြီးတော့ ပေါ်ထွန်း လာမှာပေါ့” လို့ ပြောပါတယ်။ ရိုးရာအစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ အခုလို လှည်းပြိုင်ပွဲကျင်းပရတာဖြစ်ပေမယ့် အခက်အခဲများစွာ ရှိတယ်လို့ ဦးဌေးဝင်းက ပြောပါတယ်။ “နွားလမ်းတွေ ဖောက်ရမယ်၊ လူတွေကို ဧည့်ခံကျွေးမွေးဖို့စရိတ်တွေ၊ စားသောက်ဖို့၊ နေထိုင်ဖို့တွေကအစ အကုန်တာဝန်ယူရမယ်။ ဆုပေးတဲ့ဟာတွေပါ အကုန်တာဝန်ယူရတာပဲ။ နွားပွဲတပွဲ ဖြစ်မြောက်ဖို့အတွက် ငွေကုန်ကြေးကျကတော့ သိန်းနှစ်ဆယ်၊ အစိတ် ဒီလိုပဲ ကုန်ကျတာပေါ့။” နွားတွေ ပြိုင်ပွဲဝင်နိုင်ဖို့အတွက် လေ့ကျင့်ပေးခဲ့ရပုံကို ပထမဆုရ ဦးအောင်မြင့်က “ဘယ်လောက်လေ့ကျင့်ရလဲဆိုရင်တော့ နတ်တော်ပြာသိုကတည်းက စပြီး သူတို့ကို ထရိန်နင်ပေး၊ သင်တန်းပေးလုပ်လာခဲ့တာ မိုးကျအထိ။ ဒီကြားထဲမှာ ပြိုင်ပွဲရှိရင်မောင်းတယ်၊ ပြိုင်ပွဲမရှိရင် ပြန်ပြီးလေ့ကျင့်တယ်။ ပြိုင်ပွဲရောက်လာရင် တက်မောင်းတယ်” လို့ ပြောပါတယ်။ ပြိုင်ပွဲ လာရောက်အားပေးတဲ့ ဦးမောင်ဝင်းက        “ဘာကြောင့်အားပေးသလဲဆိုတော့ ကျနော်တို့ အမေ၀မ်းထဲက ကျွတ်လာပြီး၊ လယ်ထဲမှာနေ လယ်ထဲမှာကြီးတဲ့အခါကျတော့ ကျနော်တို့ပင်ကိုယ်ရဲ့ ၀ါသနာပေါ့။ ကျနော်တို့ရဲ့ ၀ါသနာလေးတွေကို တတ်နိုင်တဲ့ဘက်က အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ ကျေး လက်ဒေသတွေကပဲဖြစ်ဖြစ် အမြဲတမ်းကျင်းပ၊ နှစ်စဉ်နှစ်တိုင်း လုပ်ပေးမယ်ဆိုရင်တော့ ကျနော်တို့ အထူးအတိုင်းမသိ ၀မ်းသာဂုဏ်ယူမိပါတယ်” လို့ ပြောပါတယ်။ တောင်သူလယ်သမားတွေဟာ ဘိုးဘွားလက်ထက်ကတည်းက အစဉ်အလာမပျက် ရိုးရာနွားလှည်းပြိုင်ပွဲတွေကို ကိုယ်ထူကိုယ်ထ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဇီးပင်ဝဲကျေးရွာမှာတော့ သုံးနှစ်ဆက်တိုက် တတိယအကြိမ်မြောက် ကျင်းပခဲ့တာဖြစ်ပြီး လှည်းအစီးရေ နှစ်ဆယ့်ငါးစီးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ရန်နိုင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up