ဖိလစ်ပိုင်ရွေးကောက်ပွဲ လိင်ပြောင်း လွှတ်တော်ကိုယ်စားလှယ် ရေပန်းစား

လာမယ့် မေ ၉ ရက်နေ့ စတင်ကျင်းပမယ့် ဖိလစ်ပိုင်အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လိင်ပြောင်းလဲထားသူ လွှတ်တော်ကိုယ်စားလှယ်တဦးဟာ ဒေသခံလူထုရဲ့ ထောက်ခံမှုရရှိနေပြီး အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။ အသက် ၄၉ နှစ်အရွယ် ဂျယ်ရဲလ်ဒင်း ရိုမန် Geraldine Roman ဟာ နိုင်ငံမြောက်ပိုင်း ဘာတန် Bataan ခရိုင်ကဖြစ်ပြီး နိုင်ငံရေးသြဇာရှိတဲ့ မိသားစုက ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ ဘာတန် ခရိုင်မှာ လွှတ်တော်အမတ်တဦးအဖြစ် သက်တမ်း ၃ ကြိမ်လုံးလုံး ရွေးကောက်ခံခဲ့ရတာပါ။ အစပိုင်းတော့ ရိုမန်ရဲ့ ပြိုင်ဘက်တွေက သူလိင်ပြောင်းလဲထားတဲ့အပေါ် ရေးကြီးခွင်ကျယ်လုပ်ခဲကြပေမယ့် လက်တွေ့မှာ ဒေသခံပြည်သူတွေက အဲ့ဒီကိစ္စအပေါ် ထင်သလောက် အလေးမထားတာ တွေ့လာရတယ်လို့ ပြောပြပါတယ်။ သူဘာဖြစ်တယ်ဆိုတာထက် သူ ပြည်သူတွေအတွက် ဘာလုပ်ပေးနိုင်တယ်။ သူ့ ပြည်သူတွေအပေါ်မှာ ဘယ်လိုသဘောထားတယ်ဆိုတာက ပိုအရေးကြီးပါတယ်လို့ လွှတ်တော်ကိုယ်စားလှယ် Roman ကပြောဆိုပါတယ်။ ဖိလစ်ပိုင်ရွေးကောက်ပွဲတွေဟာ နိုင်ငံရေးပါတီတွေ၊ ပေါ်လစီတွေထက် လူပုဂ္ဂိုလ်ပေါ်မှာ ဦးစားပေးရွေးချယ်လေ့ရှိကြတာကြောင့် ရိုမန်လည်း သူ့မိသားစု သြဇာအရှိန်အ၀ါနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တယ်လို့ ဒေသခံအများစုက မျှော်လင့်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံရေးမှာ ရိုမန်ကတ်သလစ်အသင်းတော်ရဲ့ လွှမ်းမိုးမှုရှိပြီး လင်မယားကွာရှင်းပြတ်စဲတာ၊ ကိုယ်ဝန်ဖျက်ချတာနဲ့ လိင်တူချင်းလက်ထပ်တာတွေကို ဆန့်ကျင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေတုန်းကလည်း လိင်တူချစ်သူနဲ့ လိင်ပြောင်းလဲထားသူ အသိုင်းအ၀ိုင်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် လုံလောက်တဲ့ ထောက်ခံမှု မရရှိခဲ့ကြပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up