Home
မြန်မာသတင်း
အိမ်ခြံမြေအရောင်းဝယ် အေးစက်မှုကြောင့် အကျိုးဆောင်လုပ်ငန်းငယ်များ အခက်ကြုံ
DVB
·
May 7, 2016
ပြည်တွင်း အိမ်ခြံမြေဈေးကွက် အရောင်းဝယ် ထိုင်းမှိုင်းမှုကြောင့် အကျိုးဆောင်လုပ်ငန်းငယ်တွေ တစတစနဲ့ ပျောက်ကွယ်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်တွင်းအိမ်ခြံမြေဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ် နှစ်လယ်ပိုင်းကစပြီး လက်ရှိအချိန်ထိ အရောင်း အ၀ယ်တွေက အေးစက်နေတာပါ။ အခုလို အိမ် ခြံမြေဈေးကွက် အေးစက်ခဲ့တဲ့ အကျိုးသက်ရောက်မှုက ပြည်တွင်းမှာရှိတဲ့ အကျိုးဆောင်လုပ်ငန်းငယ်တွေအတွက်တော့ တစတစနဲ့ ပျောက်ကွယ်ရတော့မယ့် အခြေ အနေနဲ့ ရင်ဆိုင်နေရပြီလို့ ရန်ကုန်တိုင်း အိမ်ခြံလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောပါတယ်။ “ကိုယ်ပိုင်မိတ်လေးတွေက နည်းတာပေါ့လေ။ မိတ်အသစ်တွေပဲ ရှာပြီးလုပ်နေရတော့။ မိတ်အသစ်တွေက အခုပျောက်နေတဲ့ အခြေအနေဖြစ်နေတော့ သက်တမ်းနုတဲ့ အကျိုးဆောင်တွေကို အဓိက ရိုက်ခတ်ပြီးတော့ ခုနကပြောသလို မရပ်တည်နိုင်ဘဲနဲ့ ပိတ်သိမ်းလိုက်ရတဲ့ဟာတွေလည်း အခု ကြားနေရတာပေါ့လေ။ ရေရှည်ထပ်ပြီးတော့ အေးဦးမယ်ဆိုရင်တော့ ထပ်ပြီးတော့ ပိတ်သိမ်းရမယ့်သူတွေ ရှိကောင်းရှိလာနိုင်တာပေါ့လေ။” အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင် ဦးတင်ထွန်းနိုင်ကလည်း လက်ရှိပြည်တွင်းအိမ်ခြံ မြေဈေးကွက် ထိုင်းမှိုင်းအေးစက်မှုက ပြီးခဲ့တဲ့နှစ် အနေအထားနဲ့ယှဉ်ရင် အဆိုးရွားဆုံး နှစ်ဖြစ်တယ်လို့ ပြောပါတယ်။ “ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင်တော့ ဒီနှစ်အနေအထားဟာဆိုရင် တော်တော်ကြီးအေးစက် သွားတဲ့အတွက်ကြောင့် အဆိုးဆုံး အနေအထားလို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် တကယ်ပဲ စိတ်ရှည်သည်းခံပြီးတော့ ဒီလုပ်ငန်းကို တကယ် Service ကောင်းကောင်းနဲ့ ၀န်ဆောင်မှုပြုမယ်ဆိုရင် သူက ဘာအလားအလာ ရှိလာနိုင်လဲဆိုတော့ ဒီနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာတဲ့ အချိန်ကျရင် တကယ်ခိုင်ခိုင်မာမာလုပ်နိုင်တဲ့ အဖွဲ့တွေပဲ ကျန်တော့မယ်။” ဒါကြောင့် အခုလို ထိုင်းမှိုင်းအေးစက်နေတဲ့ ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို အစိုးရက ပြန်လည်ကုစားပေးဖို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက လိုလားနေကြတယ်လို့ ဦးစိုင်းခွန်နောင်က ပြောပါတယ်။ “ပထမဦးဆုံး ပြန်ကုစားရမယ့်ဟာကတော့ ဒီအခွန်စနစ်ပေါ့လေ။ အခွန်စနစ်ကို ဒီနှုန်းထား ပြန်လည်လျှော့ချပြီးတော့၊ နောက်တခုက ငွေကြေးစိစစ်မှုပေါ့လေ။ ငွေကြေး စိစစ်မှုကို ပြန်လည်အင်အားကောင်းလာအောင် လုပ်မယ်ဆိုရင်တော့ ပြည်တွင်းအိမ်ခြံမြေ သက်ဝင်လှုပ်ရှားလာမယ်လို့ ယုံကြည်ပါတယ်။” ပြည်တွင်းအိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ်တွေက အေးနေပေမယ့် အငှားဈေးကွက်ကတော့ ပုံမှန်ရှိနေပြီး မြို့ထဲဧရိယာ အနီးဝန်းကျင်မှာရှိနေတဲ့ တိုက်ခန်းအငှားဈေးနှုန်းက အထက်အမြင့်ပေါ်မူတည်ပြီး တလကို အနည်းဆုံးကျပ် ၂၀၀၀၀၀ ရှိပြီး၊ ဈေးနှုန်းက အကျမရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024