Home
မြန်မာသတင်း
မြန်မာနိုင်ငံသား နှစ်ဦးထံမှ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ (ရုပ်သံ)
DVB
·
May 7, 2016
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ မြန်မာနိုင်ငံသား ၂ ဦးထံကနေ အိုက်စ် မူးယစ်ဆေး ၃ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းဌာနက ဖော်ပြထားပါတယ်။ မေလ ၆ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်-မယ်ဆိုင် ဖြတ်ကျော်တံတားက ထိုင်းနိုင်ငံ အ၀င်ဂိတ်မှာ အငှားဆိုင်ကယ်တစ်စီးဆီကနေ အဲဒီမူးယစ်ဆေးဝါးတွေကို ဖမ်းမိတာလို့ မယ်ဆိုင်လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူက ပြောပါတယ် ။ အိတ်အမည်းထဲ ထည့်သွင်းထားတဲ့ အိုက်စ်မူးယစ်ဆေး သယ်ဆောင်လာသူဟာ ထိုင်းလူမျိုး အငှားဆိုင်ကယ်မောင်းသမား နိုင်းကလိုင်းဆောင် ကောင်ဖိဖုပ် ဆိုသူဖြစ်ပြီး သူ့အနေနဲ့ အထဲမှာ ဘာပစ္စည်းပါတာကို မသိကြောင်း၊ မြန်မာဘက်ခြမ်း တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ ဟိုတယ်တခုမှာ တည်းခိုသူ ကိုချာယတ် လမင်းက အိတ်တလုံးကို မယ်ဆိုင်ဘက်ကမ်း ဟိုတယ်တခုမှာ စောင့်နေတဲ့ သူငယ်ချင်းဖြစ်သူကို ပို့ပေးဖို့ ပြောတာနဲ့ သယ်လာပေးတာလို့ ထွက်ဆိုပါတယ်။ အဲဒီ ထွက်ဆိုချက်အတိုင်း တာဝန်ရှိသူတွေက သူ့ကို အထုတ်ပြန်တင်ပြီး မယ်ဆိုင်ရှိ ဟိုတယ်ကို ပို့ဆောင်စေခဲ့ရာမှာ အထုတ်စောင့်ယူနေတဲ့ ကိုအောင်ဆန်းမျိုး (အသက် - ၂၇ နှစ်) ကို ဖမ်းမိသလို အနောက်ကနေ တခြားဆိုင်ကယ်တစီးနဲ့ လိုက်လာတဲ့ ကိုချာယတ်ကိုပါ ဖမ်းဆီးခဲ့တာလို့ ထိုင်းလ၀ကရဲက ပြောပါတယ်။ ဆက်လက်စစ်ဆေးချက်အရ သူတို့ ၂ ဦးဟာ မြန်မာနိုင်ငံသား ဂေါ်ရခါးလူမျိုးဖြစ်ပြီး မန္တလေးမြို့မှာနေထိုင်ကာ ထိုင်းနိုင်ငံ ဖူးခက်မှာ အလုပ်သွားလုပ်ကြောင်း၊ တာချီလိတ်မှာ အမျိုးနေမကောင်းလို့ ခနပြန်လာတာဖြစ်ပြီး ဘန်ကောက်ကို ပြန်ဆင်းဖို့ ပြင်နေစဉ် အဖမ်းခံရတာလို့ ဆိုပါတယ်။ မြန်မာ ၂ ဦးကတော့ သူတို့ပစ္စည်း မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး ပစ္စည်းထဲ့တဲ့ အိတ်ကို ကြိုက်လို့ တာလော့ဈေးထဲကနေ ဘတ် ၆၀၀ နဲ့ ၀ယ်ခဲ့ပေမယ့် အထဲမှာ ဘာပါမှန်းမသိကြောင်း ပြောပါတယ်။ တာဝန်ရှိသူတွေကတော့ သူတို့ ၂ ဦးထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အငှားဆိုင်ကယ်မောင်းသူ နိုင်းကလိုင်းဆောင်ဟာလည်း ချင်းမိုင်ခရိုင် မယ်လိမ်းမြို့နယ်က အခါတိုင်းရင်းသားတဦးဖြစ်ပြီး မယ်ဆိုင်မှာ ဆိုင်ကယ်အငှားသွားမောင်းတာ ထူးခြားနေတာကြောင့် ဆိုင်ကယ်သမားကိုလည်း ခေါ်ယူစစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံသား ၂ ဦးကို မြန်မာနိုင်ငံဘက်ခြမ်း တာဝန်ရှိသူတွေပါ လာရောက်ကူညီစစ်ဆေးပေးတယ်လို့ ထိုင်းလ၀က အရာရှိကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024