Home
မြန်မာသတင်း
စက်မှုဇုန်များ ၀ိုင်းထားခြင်းကြောင့် ရန်ကုန်မြို့ကြီး အန္တရာယ်ရှိဟု ၀န်ကြီးချုပ်ပြော
DVB
·
May 6, 2016
ရန်ကုန်မြို့ကြီးကို စက်မှုဇုန်တွေက ၀ိုင်းထားပြီး လူနေအိမ်တွေနဲ့ စက်ရုံတွေ နီးကပ်တာကြောင့် အန္တရာယ်ရှိတဲ့ မြို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ရန်ကုန်မြို့တော်ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်တွေ အဆိုပြုဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ “စက်မှုဇုန်တွေအားလုံးဟာ လယ်ကွင်းထဲမှာ အကွက်ရိုက်ပြီး ပုံဖော်ခဲ့တာဖြစ်ပါတယ်။ ၀ါကော်ထရီမင့် တခုမှ မရှိပါဘူး။ ရေဆိုးတွေကို တကယ်စနစ်တကျသန့်စင်ပြီး ထုတ်ပေးခဲ့တဲ့ အခြေနေမရှိဘူး။ စက်မှုဇုန်တွေ အားလုံးဟာ ရန်ကုန်မြို့ကြီးကို ပတ်ချာလည်ဝိုင်းထားပါတယ်။ ဒါပေမယ့် စက်မှုဇုန်နဲ့ လူနေအိမ်တွေအားလုံး တဆက်တည်း ဆက်စပ်နေပါတယ်။ စက်မှုဇုန်တွေသာ တကယ်လို့ တစုံတခု မီးလောင်မယ်၊ ပေါက်ကွဲမယ်ဆိုရင် ရန်ကုန်မြို့ဟာ ဗုံးတွေနဲ့ဝိုင်းထားသလိုဖြစ်နေတဲ့ မြို့ကြီးဖြစ်နေပါတယ်။ ဒီအခြေအနေတွေဟာ ကျနော်တို့ရဲ့ပြန် လည်ပြုပြင်နိုင်မှုနဲ့ စက်မှုဇုန်တွေကို ပြန်လည်မြှင့်တင်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီးတော့လည်း ဝန်ကြီးချုပ်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးဖြန့်ဖြူးဖို့ လျှပ်စစ်ဂက်စ်တာဗိုင် ၆၁ လုံး ဝယ်ယူထားတာကြောင့် မီဂ္ဂါဝပ် ၉၉၀ လောက် ထုတ်လုပ်ပေးရမှာဖြစ်ပေမယ့် စက်ပစ္စည်းတွေဟာ အရည်အသွေးမကောင်းတာကြောင့် ထက်ဝက် လောက်ပဲ ထုတ်လုပ်နိုင်နေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ “ဒီစက်တွေရဲ့ စွမ်းဆောင်ရည်ဟာ ၉၉၀ လောက်စွမ်းဆောင်ရည် ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ၄၀၀ ကျော်လောက်ပဲ လင်းနိုင်ပါတယ်။ ဒီလျှပ်စစ်ထုတ်ဖို့အတွက် ကျနော်တို့ဂတ်စ်တွေကို သုံးနေရတယ်။ ဒါပေမယ့် ကျနော်တို့အတွက် လုံလောက်တဲ့လျှပ်စစ် ထွက်မလာခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီစက်တွေဟာ အသစ်တွေ ပါဆိုပြီး ၀ယ်ပင်ဝယ်ထားသော်ငြားလည်း တကယ်လက်တွေ့မှာ ဒီစက်တွေဟာ ပြောင်လက်နေတာပဲရှိပြီး မော်ဒယ်လည်းမကောင်းဘူး၊ စွမ်းဆောင်ရည်လည်းမရှိဘူး။ အဲတော့ ကျနော်တို့ ပြည်သူလူထုဟာ လျှပ်စစ်မီးရဲ့ဒဏ်ကိုခံနေရတယ်” လို့ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ဆက်လက်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ဒေါက်တာကျော်လတ်က ရေတို၊ ရေလတ် ရေရှည်စီမံကိန်းတွေနဲ့ လုပ်ဆောင်သွားဖို့၊ အစိုးရက ပံ့ပိုးကူးညီတဲ့ အိမ်ရာစနစ်တွေ ပြုလုပ်ဖို့၊ ရေရှိရေး၊ ရေဖြန့်ဖြူးရေး၊ မြို့ဧရိယာတိုးချဲ့ဖို့ စတဲ့အချက်တွေကို တင်ပြဆွေးနွေးသွားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကောမတီနဲ့ ရီနေးလ်ဆန့် အင်စတီကျုတို့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်မှုကြောင့် ရန်ကုန်မြို့ကြီး အန္တရာယ်ရှိနေတယ်လို့ ပြောကြားခဲ့တဲ့နေ့ ညပိုင်းမှာပဲ တောင်ဒဂုံစက်မှုဇုန် ၂၊ ၆၃ ရပ်ကွက် စစ်တောင်းလမ်းနဲ့ရှင်မတောင်လမ်းကြားက ပါကေးစက်ရုံမှာ မီးလောင်ကျွမ်းမှု ဖြစ်ပါမှု ဖြစ်ပွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024