လယ်သမားတွေ လိုနေတာက စိုက်ပျိုးရေးလုပ်ငန်းအတွက် အရင်းအနှီး – ဦးသိန်းအောင်

အစိုးရသစ်လက်ထက်မှာ လယ်သမားတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်ဆောင်ပေးနေလဲ၊ လယ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ချမှတ်ထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကကော လယ်သမားတွေအတွက် တကယ်ပဲ အသုံးဝင်ရဲ့လား။ ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွတ်လပ်သော တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ အခု အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းမှာ တောင်သူလယ်သမားတွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လက်ရှိအစိုးရသစ်အနေနဲ့ ဘာတွေ အရင်ဆုံး လုပ်ဆောင်ပေးသင့်လဲခင်ဗျ။ “ဟုတ်ပါတယ်။ အခုတက်လာတဲ့ အစိုးရသစ်အနေနဲ့ တောင်သူတွေဘ၀ ဖွံ့ဖြိုးပြီးတော့ တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားတွေ တိုးတက်ဖို့အတွက် အဓိကကျတဲ့ အချက်သုံးချက် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ပထမအချက်ကတော့ တောင်သူတွေမှာ ဒီနေ့တွေ့ကြုံနေရတဲ့ ၀င်ငွေနည်းမှု၊ အမြတ်အစွန်း နည်းပါးမှုမှာ အဓိကတရားခံဟာ တောင်သူတွေမှာ စိုက်ပျိုးထုတ်လုပ်မှုအတွက် လုံလောက်တဲ့ အရင်းအနှီး မရှိပါဘူး။ ဒါကြောင့်မို့လို့ အဲ့ဒီ တောင်သူများကို လုံလောက်တဲ့ အရင်းအနှီး နှစ်အလိုက် အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်ကြား အရစ်ကျဆပ်နိုင်တဲ့၊ တဧကကို ငါးသိန်းဝန်းကျင်ရှိတဲ့ ချေးငွေတခုကို ရှိတဲ့ဧကအလိုက် ထုတ်ချေးပေးဖို့၊ အရင်းအနှီး မတည်ပေးဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း တနှစ်ကို ငွေတသိန်းနဲ့ အတိုးနဲ့ ငါးနှစ်ပြန်ဆပ်ရင် ကျေသွားမယ့် အခြေအနေမျိုး ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ အကယ်၍ အဲ့ဒီငွေများ မဆုံးရှုံးအောင် ချေးတဲ့အစိုးရဘက်ကလည်း ထောက်ပံ့ပေးသလို ချေးယူတဲ့ လယ်သမားဘက်ကလည်းပဲ ခိုင်ခိုင်မာမာ ဂရန်တီပေးဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ နည်းလမ်းပေးဖို့လည်း ဂရန်တီ ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကိုတော့ နောက် အေးအေးဆေးဆေး ညှိနှိုင်း၊ ဥပဒေတရပ်အနေနဲ့ ထုတ်ပြန်သွားလို့ ရပါတယ်။ "နံပါတ် ၂ ကတော့ သီးနှံဈေးနှုန်း၊ ဈေးကွက်ကောင်းရဖို့အတွက် နိုင်ငံခြားက၀ယ်လက်၊ တကယ်ပြည်တွင်းကို လာရောက်ပြီးတော့ ၀ယ်နိုင်တဲ့ ၀ယ်လက်တွေကိုလည်း များများဖိတ်ခေါ်ဖို့၊ ဈေးကွက်တွေဖွင့်ပေးဖို့၊ ပြည်ပပို့တဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ မြန်မာပြည်ကထုတ်လုပ်တဲ့ ပြည်ပပို့ကုန်တွေကိုလည်း လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရဖို့အတွက် အဟန့်အတား အနှောင့်အယှက်မရှိတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်။ နံပါတ် ၃ က ဒီလယ်သမားတွေရဲ့ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖို့အတွက်၊ လယ်သမားတွေကို ဘာလုပ်ပေးဖို့ လိုအပ်လဲဆိုရင် လယ်သမားများရဲ့ သီးနှံတွေ ရာသီဥတု ပိုးမွှား တခုခု ဖျက်ဆီးသွားရင် အာမခံချက်ရှိဖို့အတွက် သီးနှံအာမခံစနစ်တွေ ထားဖို့ လိုအပ်ပါတယ်။ ကျန်တဲ့အကြောင်းအရာတွေ ကိစ္စတွေက လိုတော့လိုအပ်ပါတယ်။ ဒါပေမယ့် အရေးပေါ် မဟုတ်ဘဲနဲ့ တဖြည်းဖြည်းသွားရမယ့် နည်းလမ်းတွေ ရှိပါတယ်။ တကယ်တော့ ဒီ စိုက်ပျိုးထုတ်လုပ်နေတဲ့ တောင်သူတွေ ဖွံ့ဖြိုးဖို့အတွက် ဒီသုံးချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ပေးမယ်ဆိုရင် အမြန်ဆုံး ပြောင်းလဲတိုးတက်ပြီးတော့ ကျန်တဲ့အရာတွေ လုပ်သွားနိုင်မယ်။ ဒါပေမယ့် မြန်မာပြည်မှာ ခေတ်အဆက်ဆက်မှာ ပြောခဲ့တာ ရှိပါတယ်။ အစိုးရမှာ ငွေမရှိဘူးလို့ ပြောတယ်။ ငွေမရှိရင်လည်းပဲ ပြည်ပက ရင်းနှီးမြှုပ်နှံတဲ့၊ ချေးငှားပေးနိုင်တဲ့ ဘဏ်တွေကို ဖိတ်ခေါ်ပြီးတော့ ပြည်ပဘဏ်တွေ ချေးပိုင်ခွင့်ပေးမယ်။ နောက်တခါ ချေးတဲ့လယ်သမားကလည်း ဂရန်တီပေးမယ် ဆိုတဲ့စနစ်ကို လုပ်ပေးလိုက်မယ်၊ လုပ်ပေးမယ်ဆိုရင် လယ်သမားထု တရပ်လုံးဟာ တခဲနက် ဘ၀မှာ နှစ်ပေါင်းများစွာ မျှော်လင့်ချက် ပန်းတိုင်ကြီးတခု ဖြစ်တဲ့အတွက် ဒီကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ပေးမယ်ဆိုရင် လယ်သမားတွေအားလုံး ၀မ်းသာမှာပါ။ အဲ့ဒီလို အချက်အလက်တွေ ရဖို့အတွက်လည်းပဲ အားလုံး သတင်းအချက်အလက်တွေ စုစည်းနိုင်ဖို့အတွက် တောင်သူလယ်သမားအားလုံးရဲ့ ကိုယ်စားပြုတဲ့ လယ်သမားအသင်းတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းနိုင်ဖို့ အစိုးရက ခွင့်ပြုတဲ့အပြင် နောက်ကပါ ၀ိုင်းဝန်းကူညီပေးမယ်ဆိုရင်၊ လွတ်လပ်တဲ့ လယ်သမား အသင်းအဖွဲ့အစည်းတွေ၊ လူမှုရေးအသင်း အဖွဲ့အစည်းတွေ များများပေါ်ထွက်ဖို့၊ ခိုင်မာတဲ့ အသင်းအဖွဲ့တွေ ဖွဲ့နိုင်ဖို့ အစိုးရက ခွင့်ပြုပေးရုံတင် မဟုတ်ဘဲနဲ့ ၀ိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးမယ်ဆိုရင် လယ်သမားတွေရဲ့ လိုအပ်ချက်တွေကို နားလည်သွားမှာပါ။” ဒါကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တောင်သူလယ်သမားတွေအတွက် လိုအပ်တာက ချေးငွေနဲ့ ဈေးကွက်လိုအပ်မယ်။ တောင်သူလယ်သမားတွေ စိုက်ပျိုးမှုအနေနဲ့ သီးနှံအာမခံပေးတဲ့ စနစ်တွေ လိုအပ်မယ်ပေါ့။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ၂၀၁၃ ခုနှစ်တုန်းက တောင်သူလယ်သမားတွေနဲ့ ပတ်သက်တဲ့ အကျိုးစီးပွားကာကွယ်ရေး၊ မြှင့်တင်ရေးဆိုတဲ့ ဥပဒေကို ရေးဆွဲတယ်။ ၂၀၁၅ ကုန်ခါနီးလောက်မှ ဒီဥပဒေတွေ ထွက်လာတဲ့ အနေအထားမျိုးတွေ ရှိတော့ ဒီတောင်သူလယ်သမားတွေအတွက် ဆွဲပေးထားတဲ့ ဥပဒေတွေက တောင်သူလယ်သမားတွေအတွက် တကယ်ကော ခိုင်လုံမှုရှိရဲ့လား။ တောင်သူလယ်သမားတွေအတွက် အကျိုးကော ဖြစ်ထွန်းရဲ့လား။ တကယ်လို့ မဖြစ်ထွန်းဘူးဆိုရင် ဒီဥပဒေတွေကို ပြန်ပြီးတော့ ပြင်ဆင်သင့်လား။ ဒီဥပဒေကို ကျင့်သုံးသင့်လားခင်ဗျ။ “ဟုတ်ပါတယ်။ မူရင်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေမှာ ရည်ရွယ်ချက်ငါးခု ရှိပါတယ်။ အဲ့ဒီ ရည်ရွယ်ချက် ငါးခုကတော့ တောင်သူတွေအတွက် တကယ် အကျိုးပြုနိုင်တဲ့ ရည်ရွယ်ချက်ပါ။ တောင်သူလယ်သမားများရဲ့ လုံလောက်တဲ့ အရင်းအနှီး ရရှိဖို့အတွက် နှစ်ရှည်၊ နှစ်လတ်၊ နှစ်စဉ် ချေးငွေတွေရရှိဖို့၊ သီးနှံဈေးနှုန်းတွေ သင့်တင့်မျှတစွာ အမြတ်အစွန်းရရှိဖို့၊ နောက်တခါကျတော့ ဒီ ဘာမှမရနိုင်အောင် ပျက်စီးသွားတဲ့ လယ်သမားတွေအတွက် သီးနှံအတွက် ထွက်မယ့် ထောက်ပံ့ကြေးတွေရဖို့၊ နောက်တခါ လယ်ယာမြေထဲမှာ မိရိုးဖလာ လုပ်လာခဲ့တဲ့ ဒေသခံ တောင်သူများကို ဦးစားပေးဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ကောင်းပါတယ်။ ဒီရည်ရွယ်ချက်က လုံးဝမပြင်သင့်ပါဘူး။ ဒါပေမယ့် ၂၀၁၅ ခုနှစ်ကုန်ခါနီးမှာ ဆွဲခဲ့တဲ့ နည်းဥပဒေတွေဟာ လယ်သမားရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ အကျိုးစီးပွားမြှင့်တင်ဖို့ ဥပဒေဖြစ်ပါလျက်နဲ့ လယ်သမားမဟုတ်တဲ့ ကုန်သည်အဖွဲ့တွေ၊ လယ်သမားကို နှိပ်ကွပ်နေတဲ့ တချို့ ပညာတတ်လို့ အမည်ခံထားတဲ့ လူတွေရဲ့ ခေတ်အဆက်ဆက်မှာ အရာရှိကို ချန့်စ်ပေးခဲ့တဲ့ ဥပဒေတွေပဲ ရေးဆွဲခဲ့တဲ့ လူတွေကပဲ အဲ့ဒီဦးဆောင်အဖွဲ့တွေမှာ၊ လယ်သမားတွေက ဦးမဆောင်ရဘဲနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေက ဦးဆောင်ပြီးတော့ကာ ဖွဲ့စည်းတယ်။ ဗဟိုအဖွဲ့၊ တိုင်းအဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့တွေမှာ လယ်သမား မပါဘဲနဲ့ ကျေးရွာအဖွဲ့လောက်မှာသာလျှင် လယ်သမားက ဦးဆောင်အဖွဲ့ထဲမှာ ပါဝင်ခွင့်ရပြီး ကျန်တာ ကျန်တဲ့သူတွေရဲ့ ချယ်လှယ်ခြင်းခံရမယ့် နည်းဥပဒေတွေ ဆွဲခဲ့တယ်။ လက်တွေ့လည်း ဘာမှ အကောင်အထည် မဖော်ခဲ့ဘူး။ မဖော်ခဲ့ဘူးဆိုတာ ဆွဲသာဆွဲထားတယ်။ ဒီထဲမှာ ထည့်ထားတဲ့ ဦးဆောင်အဖွဲ့က လူတွေက ကိုယ်တိုင်ခံစားပြီးတော့ ဘ၀ခံစားမှု မရှိတဲ့လူတွေ ဖြစ်တဲ့အတွက် ဒီဥပဒေကို စာရွက်ထဲမှာပဲ ထားတယ်။ ဒါကြောင့်မို့လို့ နည်းဥပဒေနဲ့ ပတ်သက်ရင် အကုန်လုံး ပြန်လည်ရေးဆွဲသင့်ပါတယ်။ ရေးဆွဲတဲ့အခါမှာ ဒီလိုအပ်တဲ့ အချက်အလက်ကို တောင်သူအဖွဲ့တွေက ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေက တင်ပြပါလိမ့်မယ်။ ဥပဒေနဲ့ လိုက်လျောညီထွေတဲ့ စကားလုံး အသုံးအနှုန်းကိုလည်း ပညာရှင်က ရေးဖို့လိုအပ်တယ်။ အဲ့တော့ ကျောင်းအိုင်မှာ ငါးမရှာရ။ ရွာထဲလျှောက် လမ်းလျှောက် ဆေးလိပ်မသောက်ရဆိုတာ ဒါ တောင်သူကပြောပါလိမ့်မယ်။ အဲ့ဒါကို ဥပဒေနဲ့ အကျုံးဝင်အောင် ရေးဆွဲရပါမယ်။” ဥပဒေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျပြဋ္ဌာန်းဖို့ဆိုတဲ့ အကြောင်းပေါ့။ အဲ့ဒါဆိုရင် တောင်သူလယ်သမားကို ကိုယ်စားပြုတဲ့ အဖွဲ့ဆိုတာ မြန်မာနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းလောက်က တောင်သူလယ်သမားနဲ့ ဆက်စပ်နေတဲ့သူတွေ၊ ကျေးလက်ဒေသမှာ နေတဲ့သူတွေ ဆိုပြီးတော့ ပြောဆိုနေကြတာ ရှိတယ်ပေါ့။ ဒီ တောင်သူလယ်သမားကို ကိုယ်စားပြုတဲ့ အဖွဲ့တွေကကော မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ရှိနေတဲ့ လယ်သမားတိုင်း၊ တောင်သူလယ်သမားတိုင်းကို ကိုယ်စားပြုတဲ့ အဖွဲ့တွေ ဖြစ်နိုင်ပါ့မလား။ “အဲ့ဒါက တခုတော့ရှိတယ်။ လယ်သမားတွေမှာ ပြီးခဲ့တဲ့ ခေတ်အဆက်ဆက်မှာ အစိုးရက ခွင့်မပြုခဲ့တဲ့အတွက် တောင်သူလယ်သမား အများစုရဲ့ အကုန်လုံးရဲ့ ကိုယ်စားပြုတဲ့အဖွဲ့ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် အစိုးရက ကူညီပြီးတော့၊ တရားဝင်ဖွဲ့စည်းပြီးတော့ နိုးနိုးကြားကြား လုပ်မယ်ဆိုရင် ဒါ ကိုယ်စားပြုတဲ့ အဖွဲ့တဖွဲ့ ဖြစ်သွားပါမယ်။ ဒါတောင်မှပဲ တကယ်လို့ အခုလက်ရှိ လယ်သမားတွေ လွတ်လွတ်လပ်လပ်နဲ့ ဖွဲ့စည်းခွင့်ရမယ်ဆိုရင် သက်ဆိုင်ရာ တိုင်း၊ သက်ဆိုင်ရာဒေသ၊ အမည်နာမတွေ ဘယ်လိုပဲ ကွဲပြားကွဲပြား တကယ့် လယ်သမားအစစ်တွေက စုစည်းပြီးတော့၊ လယ်သမားဖိုရမ်ကြီးတခု လုပ်ပြီး အဲ့ဒီ လယ်သမားတွေ အသင်းအဖွဲ့မျိုးစုံရဲ့ သဘောထား တူညီချက်၊ တောင်းဆိုချက်တွေကို တင်ပြခွင့် ဆွေးနွေးခွင့် ရမယ်ဆိုရင်လည်း ဒါ အောင်မြင်ပါတယ်။ သို့သော်လည်းပဲ အစိုးရအဖွဲ့အစည်း မဟုတ်တဲ့အတွက် လယ်သမားထုဟာ အရင်တုန်းကလည်း တရားဝင်လိုင်စင်ရတဲ့ အဖွဲ့မျိုးအနေနဲ့ ဖွဲ့ခွင့်မရခဲ့တဲ့အတွက် မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့မှာဆိုရင်လည်းပဲ ဒီတောင်သူတွေဟာ နိုးကြားတဲ့ တောင်သူတွေက ရှေ့ကနေ အသင်းအဖွဲ့နဲ့ လုပ်သော်လည်းပဲ တချို့ အင်မတန်မှ နုံပြီးတော့ ရိုးသားကြတဲ့၊ ဗဟုသုတ နည်းကြတဲ့ လယ်သမားများဟာ အသင်းဖွဲ့ရကောင်းမှန်းတောင် မသိတဲ့အတွက် အဲ့ဒီလိုဖြစ်နေတာပါ။ အဲ့ဒီအတွက် အစိုးရက ကူညီပြီး ဖွဲ့ခွင့်ပေးမယ်။ အစိုးရက ဒေသအလိုက်ကို လယ်သမားများကို ဖိတ်ခေါ်ပြီးတော့ လုပ်ပေးမယ်ဆိုရင် လယ်သမားအများစုကို ကိုယ်စားပြုတဲ့အဖွဲ့ ဖြစ်လာမှာပဲ။” နောက်တခုက လယ်သမားတွေက လယ်စိုက်တယ်။ လယ်စိုက်တဲ့ သီးနှံတွေဟာ ဈေးကွက်ထဲကို ရောက်လာတဲ့အခါမှာ အရင်းနဲ့ ပြန်ရတာနဲ့ မကာမိတဲ့အတွက်ကြောင့် အရှုံးတွေ ပေါ်ကြတယ်။ ဒီလယ်သမားရဲ့ဘ၀ မြှင့်တင်ဖို့အတွက် သူတို့ရဲ့စိုက်ပျိုးမှုက သူတို့ဝမ်းစာအတွက် မကာမိဘူး ဆိုတာတွေရှိတော့ လယ်သမားတွေစိုက်ခဲ့တဲ့ သီးနှံအလိုက် သူတို့တွေရဲ့ ၀မ်းစာဖူလုံဖို့၊ မိသားစုဘ၀ ဖူလုံဖို့အတွက် ဘယ်လိုဈေးကွက်မျိုး လိုအပ်နေတာလဲ။ “ဟုတ်ပါတယ်။ ဒီလယ်သမားတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ထုတ်ကုန်က သူ့မိသားစုရဲ့ ၀င်ငွေနဲ့ စားလောက်တဲ့ဝင်ငွေ ရဖို့အတွက် အာခံချက်ရှိဖို့ လိုအပ်လာမယ်။ အဲ့ဒီမှာလည်းပဲ နေရာတကာတိုင်းမှာ အစိုးရက ဒါကို အာမခံချက် လိုက်ပေးရမယ် ဆိုရင်လည်းပဲ ဒါ မလွယ်ပါဘူး။ ဒါပေမယ့် ခေတ်အဆက်ဆက်မှာ မြန်မာနိုင်ငံမှာက စိုက်ပျိုးရေး ထုတ်လုပ်ပြီး နိုင်ငံခြားရဲ့ ၀င်ငွေလည်း ရှာတယ်။ ပြည်တွင်းစားသောက်မှုလည်း ဖူလုံအောင်လုပ်တယ်။ ဒါပေမယ့် မြန်မာတွေမှာ ခေါက်ရိုးကျိုးနေတာ တခုရှိတယ်။ ကုန်ဈေးနှုန်းတက်ရင် ဒုက္ခရောက်မယ်ဆိုတဲ့ အယူအဆကြောင့် စိုက်ပျိုးထုတ်လုပ်တဲ့သူက ဈေးကောင်းရပြန်တော့လည်း ၀ိုင်းအော်ကြတော့၊ ဒီလူ့ကို ဒီဈေးနှုန်း ချဖို့အတွက် အစိုးရက ပေါ်လစီ၊ စီမံကိန်းတွေ ရေးဆွဲပြီးတော့ ကုန်ဈေးနှုန်းကို ချလိုက်တယ်။ အဲ့ဒီအချိန်မှာ စိုက်ပျိုးထုတ်လုပ်သူက အကျိုးအမြတ် မရတော့ဘူး။ နောက်တခါ အဲ့လို စိုက်ပျိုးထုတ်လုပ်သူ ကုန်တွေပေါလွန်းလို့ ဈေးကျရင် ဘယ်သူမှ ကယ်မယ့်သူ မရှိဘူး။ ဒါပေမယ့် ကုန်စိမ်းလို ထားလို့သိုလို့ သိမ်းဆည်းလို့မရတဲ့ ပစ္စည်းမျိုးက ပေါ်အားများတဲ့အချိန်မှာ ဈေးကျသွားတယ်ဆိုတာ လက်ခံလို့ရသေးပေမယ့် ဆန်စပါးလို၊ ပဲလို အဲ့လိုကုန်မျိုးတွေ ကြာရှည်ထိန်းထားနိုင်တဲ့ ပစ္စည်းမျိုးလည်း ပေါ်ချိန်မှာ ဈေးကျပြီးတော့ မပေါ်တဲ့အချိန် လယ်သမားလက်ထဲမှာ မရှိတဲ့အချိန်မှာ ဈေးတက်နေတယ်။ ဈေးကွက်ကစားတာကိုလည်း ခံနေရတယ်။ အဲ့တော့ အရေးကြီးတာက ကုန်ထုတ်စွမ်းအား အလုပ်တွေ ပေးနိုင်တာက စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းက အမြတ်အစွန်းရှိပါမှ ဒီစိုက်ပျိုးရေးလုပ်ငန်းတွေ ထွန်းကားမယ်။ ကုန်ထုတ်စွမ်းအားတွေ တိုးတက်မယ်။ အဲ့တော့ အလုပ်တွေပေါမယ်။ အဲ့ဒါကို လူတွေက သတိမထားဘဲနဲ့ ကုန်ဈေးနှုန်းတက်တာ တခုတည်း ကြည့်တဲ့အတွက်၊ အခု ဂျပန်တို့လို စင်ကာပူတို့လို အားလုံးသော တိုးတက်နေတဲ့၊ အလုပ်များများပေးနိုင်တဲ့ နိုင်ငံတွေကိုကြည့်ရင် အဲ့ဒီနိုင်ငံတွေက စားသောက်ကုန်ဈေးနှုန်းတွေက မြန်မာပြည်က စားသောက်ကုန်ဈေးနှုန်းထက် အများကြီး ပိုမြတ်တယ်။ ဒါပေမယ့်လို့ အလုပ်ပေါတယ်။ ဒါကြောင့်မို့လို့ သူတို့မှာက အများကြီး တိုးတက်သွားတယ်။” အခု အန်ကယ်ပြောဆိုထားတဲ့ အနေအထားမျိုးဆိုရင် ကျနော်တို့ ကုန်ဈေးနှုန်းတက်လာတဲ့ အတွက်ကြောင့်မို့လို့ ပြည်သူတွေက ကြောက်တယ်။ ကြောက်တော့ အစိုးရက ကုန်ဈေးနှုန်းကို ချလိုက်တယ်။ အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ စိုက်တဲ့တောင်သူတွေအတွက် နစ်နာတယ်ဆိုတာမျိုး ပြောတာပေါ့နော်။ နောက်တချက် ကျနော်တို့သိထားတာက တောင်သူတွေလက်ထဲမှာ ပေါ်နေတဲ့အချိန်မှာတော့ ဈေးကောင်းမရဘူးပေါ့၊ ဈေးကျနေတယ်။ ကုန်သည်တွေလက်ထဲကို ရောက်ပြီးသွားပြီ၊ တောင်သူတွေဆီမှာလည်း ပစ္စည်းပြတ်သွားတဲ့ အနေအထားမျိုးမှာ ကုန်သည်တွေက ဈေးမြှင့်တယ်။ ကုန်သည်တွေက ဈေးကစားတယ်။ ဒီအပေါ်မှာကော ဦးသိန်းအောင် အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်လဲခင်ဗျ။ “အဲ့ဒါက ခေတ်အဆက်ဆက်မှာ တောင်သူတွေရဲ့ ငွေလိုအပ်ချက် ပမာဏပေါ်မှာ မူတည်ပြီးတော့ ကြွေးထူနေတဲ့၊ ပြောမယ်ဆိုရင် အရင်းရှုံးတဲ့သူကရှုံး၊ နည်းနည်းလေးပဲ အကျိုးအမြတ်ရှိ၊ စားမလောက်တဲ့ ၀င်ငွေလည်း ဖြစ်တဲ့အတွက် တောင်သူများဟာ မိမိတို့ စိုက်ပျိုးထုတ်လုပ်တဲ့ကုန်ကို ပေါ်ပေါ်ချင်း ဈေးကိုမထိန်းထားနိုင်ဘဲ ရောင်းရတာကို အခွင့်ကောင်းယူပြီးတော့ ကုန်သည်များက အဲ့ဒီအချိန်မှာ ဈေးနှိမ်ပြီးတော့ ၀ယ်တယ်။ နောက် တောင်သူတွေလက်ထဲမှာ ကုန်မရှိတဲ့အချိန်မှာ ဈေးမြှင့်ပြီးတော့၊ ပိုဈေးကွက်ကို ဖန်တီးပြီးတော့ ရောင်းခဲ့တဲ့ အတွက်ကြောင့်မို့လို့ တောင်သူတွေ နစ်နာနေတာ။ အဲ့ဒါကို ကယ်တင်နိုင်ဖို့က ဒါ ဒီနေ့ဒီအချိန်မှာ ဒီပြဿနာတွေကို လူတိုင်းသိနေတယ်။ တောင်သူတိုင်းသိတယ်။ သို့သော်လည်းပဲ ဒီပြဿနာတွေ မပြောချင်တော့ဘူး။ အဲ့ဒီ ပြဿနာတွေကို အဖြေရှာတဲ့နည်းလမ်းက တခုပဲရှိပါတယ်။ တောင်သူများကို လယ်ဧကအလိုက် တဧကကို ပျမ်းမျှ ငါးသိန်းဝန်းကျင်လောက် သုံးနှစ်၊ ငါးနှစ် အရစ်ကျဆပ်စနစ်နဲ့ အရင်းအနှီး ထုတ်ချေးလိုက်ရင် အဲ့ဒီဈေးနှိမ်တဲ့ ၀ယ်လက်မျိုး မရတော့သလို ဈေးကွက်မှာလည်း ပေါ်ချိန်မှာ ဒီလိုရောင်းပြီးတော့ မရှိတဲ့အချိန် တဦးတည်းလက်ထဲမှာ ရောင်းပြီးတော့ ဈေးကွက်ကြီး ကုန်ဈေးနှုန်း အလွန်မြင့်သွားမယ့် ဘေးကိုလည်း မဖြစ်တော့ဘဲနဲ့ ပေါ်ချိန်လည်းပဲ အလိုက်အထိုက်ပဲ ရောင်းအားရှိမယ်။ မပေါ်တဲ့အချိန်မှာလည်း တောင်သူလယ်သမားလက်ထဲမှာရှိတဲ့ ကိုယ်ငွေလိုတဲ့အခါမှာ အသုံးလိုတဲ့အခါမှာ ထုတ်ထုတ်ရောင်းမှာဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းလည်း အနိမ့်အမြင့် အလွန်မဖြစ်တော့ဘဲနဲ့ ထုတ်လုပ်သူလည်း အကျိုးရှိမယ်။ စားသုံးသူလည်း အကျိုးရှိမယ်။ ထုတ်လုပ်တဲ့သူတွေလည်း ၀မ်းမြောက်ဝမ်းသာ ပူပင်သောကနည်းစွာနဲ့ လုပ်နိုင်မှာမို့လို့ အရင်းအနှီးအတွက် ငွေကိုထုတ်ချေးဖို့အတွက် အန်ကယ်တို့က တောင်းဆိုချင်တယ်။” ဒါကတော့ အရင်းအနှီးရှိမယ်ဆိုရင် လယ်သမားတွေအတွက် အဆင်ပြေနိုင်လာမယ် ဆိုတာကို အန်ကယ်က ဇောင်းပေးပြောသွားတာပေါ့။ ခေတ်အဆက်ဆက်လည်း လယ်သမားတွေကို အစိုးရကနေပြီးတော့ အမတော်ကြေး အနေနဲ့ တဧက ဘယ်လောက်ဆိုပြီးတော့ ချေးတာရှိတယ်။ ဒီလိုချေးခဲ့တာ ရှိရဲ့သားနဲ့ ဒီလိုမျိုး လုံလောက်မှုမရှိဘူး ဆိုတာက ဘယ်လို အတိုင်းအတာမျိုးကို ပြောတာလဲခင်ဗျ။ “အဲ့ဒါလည်း တော်တော်ကြိုက်တဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါကို ပြောချင်တာက တကယ်တော့ အန်ကယ်တို့ လယ်သမားတွေ လိုနေတာက အဲ့ဒီ စိုက်ပျိုးရေးလုပ်ငန်းအတွက် အရင်းအနှီး။ ထုတ်ချေးခဲ့တဲ့ ခေတ်အဆက်ဆက် ငွေက အဲ့ဒီ ကောက်စိုက်တဲ့အချိန်မှာ စိုက်တဲ့စရိတ်။ တကယ်တော့ အန်ကယ်တို့ လိုနေတာက တဧကအတွက် အနည်းဆုံး ၃ သိန်းကနေ ၅ သိန်း အရင်းအနှီးလိုတာပါ။ အစိုးရက ထုတ်ချေးတာလား။ ခဏလက်လှည့်သုံးလို့ခေါ်တဲ့ စရိတ်ကလေး ပေးတာ။ ဒီတော့ အရင်းအနှီးငွေနဲ့၊ စိုက်ပျိုးစရိတ် ချေးငွေနဲ့က အလွန်ကွာခြားပါတယ်။ စိုက်ပျိုးစရိတ် ချေးငွေက အဲ့ဒီလယ်ရဲ့ ကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်း ၀န်းကျင်ပဲ ရှိပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းသောငွေက အပြင်က ဆွဲနေရတယ်။ ဒါကြောင့်မို့လို့ ဒီငွေတိုးကလည်း အပြင်က အတိုးကြီးတဲ့အတွက် အဲ့ဒီ အတိုးကြီးတဲ့ဒဏ်ကို ခံပြီးတော့ လယ်သမားများ ဒုက္ခရောက်တာ။ အန်ကယ်တို့ အခု တောင်းဆိုတာက စရိတ်မဟုတ်ပါဘူး။ အဲ့ဒီစိုက်ပျိုးရေးလုပ်ငန်းအတွက် အရင်းအနှီးကို တောင်းဆိုခြင်း ဖြစ်ပါတယ်။ ပေးတာက ခေတ်အဆက်ဆက်မှာ စိုက်တဲ့စရိတ်ကိုပဲ လက်လှည့်သုံး၊ သုံးလေးလ ချေးပေးခဲ့တာမို့လို့ အဆင်မပြေ ဖြစ်ခဲ့ရတာပေါ့။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up