Home
မေးမြန်းခန်း
Tourism လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့က ပြည်သူတွေလည်း ၀ိုင်းဝန်းပံ့ပိုး ကူညီဖို့လိုတယ် - ဦးသက်လွင်တိုး
DVB
·
May 7, 2016
Tourism လုပ်ငန်းကို စနစ်တကျလုပ်မယ်၊ ပေါ်လစီ တည်ငြိမ်စွာနဲ့ ဦးဆောင်ပြီးတော့ ၀ိုင်းဝန်းလုပ်မယ်ဆိုရင် နိုင်ငံခြားငွေ အများဆုံးရှာပေးနိုင်ပြီး မတိမ်ကောတဲ့လုပ်ငန်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောပါတယ်။ အစိုးရသစ်လက်ထက် ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး မျှော်မှန်းချက်၊ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဦးသက်လွင်တိုးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ အခုဆိုရင် အစိုးရသစ်ကလည်း တက်လာပြီပေါ့နော်။ အခုနောက်ပိုင်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဆရာတို့အနေနဲ့ ဒီ ခရီးသွားလုပ်ငန်းအတွက် အစိုးရသစ် အကူးအပြောင်းမှာ ဘယ်လိုတွေ မျှော်မှန်းထားလဲဆိုတာလေး ပြောပြပေးပါဆရာ။ “ပထမဦးဆုံးကတော့ ဒါ မြန်မာသက္ကရာဇ် ၁၃၇၈ မှာ နှစ်သစ်မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ပထမဦးဆုံး ပြောကြားလိုပါတယ်။ နောက်တချက်ကလည်း ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တဲ့ အစိုးရသစ် တက်လာတဲ့အခါမှာ ၀န်ကြီးဌာနတွေကို ပြန်လည် Restructure လုပ်တဲ့အထဲမှာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနဟာ သီးခြားဝန်ကြီးဌာန  အနေနဲ့ပဲ ရပ်တည်ပေးတာကိုလည်း အစိုးရသစ်ကို ကျေးဇူးတင်ပါတယ်။ နောက် ကျနော်တို့ အခု ၀န်ကြီးဌာနမှာလည်း ၀န်ကြီးဦးဆောင်ပြီးတော့ ကျန်တဲ့ လုပ်ငန်းရှင်တွေရော၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေရော တက်ညီလက်ညီ စွမ်းအားပြည့် လုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အဲ့ဒီအခါမှာ ကျနော်တို့ ခရီးသွားလုပ်ငန်းတွေကတော့ မနှစ်ကတော့ ရည်မှန်းထားတဲ့ လေးသန်းခွဲထက်ကျော်ပြီးတော့ ၄ ဒသမ ၆၈ မီလီယံတော့ ၀င်ခဲ့ပြီ။ ဒါပေမယ့် ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်ရရင် ၂၀၁၅ မှာ ၂ သန်းလောက်ပဲ ရန်ကုန်လေဆိပ်က ၀င်တယ်ပေါ့နော်။ နယ်ခြားဝင်ပေါက်တွေ၊ အခြား ကော့သောင်းဘက်တို့ ဘာတို့ဘက်က ၀င်တဲ့ဟာတွေနဲ့ ပေါင်းရင်တော့ ၁ ဒသမ ၃ မီလီယံပေါ့။ ဒီထဲမှာ ရန်ကုန်လေဆိပ်က ၀င်တာက ၁ သန်းကျော်ကျော်လောက်ပဲ ပါတဲ့အထဲမှာ တိုးရစ်စစ်စစ်က ၁ သန်းတောင်  ရှိချင်မှ ရှိမယ်ပေါ့နော်။ ဒါ တခြားအကြောင်းနဲ့ လာတာပေါ့။ အဲ့ဒီအခါမှာ ဘာက Indicate လုပ်ပြလဲဆိုရင် ကျနော်တို့ Package Tour တွေ ၂၀၁၄ နဲ့ယှဉ်ရင် ကျဆင်းတယ်။ FID Tour တွေလည်း ကျဆင်းတယ်။ ကျဆင်းတဲ့အတွက်ကြောင့် တိုးကုမ္ပဏီတွေ တိုးလာတယ်။ ဂိုက်တွေတိုးလာတယ်။ ဟိုတယ်တွေ အခန်းတွေ တိုးလာတယ်။ ထင်သလောက် Package Tour တွေ မ၀င်တဲ့အတွက်ကြောင့် ကျနော်တို့ အလုပ်အကိုင် ရရှိမှုတွေ၊ တိုးကုမ္ပဏီ ၂၀၀၀ ကျော်လောက်ရဲ့ အလုပ်အကိုင် ရရှိမှုတွေဟာ ထင်သလောက် မဖြစ်ခဲ့ဘူး။ "အဲ့တော့ ဒါတွေကို ကျနော်တို့က ပြန်သုံးသပ်ရရင်တော့ ဗီဇာတွေကလည်း ဖြေလျှော့ပေးလိုက်တယ်။ အီးဗီဇာတွေ ရတဲ့အတွက်ကြောင့် Package Tour တွေ သိပ်မ၀ယ်တော့ဘူး။ တိုးကုမ္ပဏီတွေအပေါ် သိပ်အားမကိုးတော့ဘူး။ နောက်တချက်ကတော့ မနှစ်ကတော့ ကျနော်တို့ နိုင်ငံရေးအပြောင်းအလဲကာလ ဖြစ်တဲ့အတွက်ကြောင့် အားလုံးကလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့သာ မလာတာလည်းရှိသလို Cancel လုပ်တာတွေလည်း တချို့ရှိပါတယ်။ တချို့ကတော့ ခရီးသွားရာသီကာလမှာပဲ ရွေးကောက်ပွဲက လုပ်တယ်။ နောက် ဒီမတိုင်မီမှာလည်း ရေဘေးကိစ္စတွေ Disaster တွေ ဖြစ်လာတဲ့အတွက်ကြောင့် ဒီ Impact တွေကြောင့်လည်း ဒါ Volume အရတော့ Border Tourism နဲ့ပေါင်းရင် ခရီးသွားလာရောက်မှုက တိုးတက်တယ်။ ၂၀၁၄၊ ၃ သန်းကျော်ထက်စာရင် ၄ သန်းခွဲ ကျော် ဖြစ်သွားတယ်။ ဒါပေမယ့် Package Tour လာရောက်မှု၊ FID လာရောက်မှုတွေက ကျဆင်းသွားခဲ့တယ်ပေါ့နော်။ အဲ့တော့ ဒီ ၂၀၁၆ ကတော့ ဘာပဲပြောပြော ခရီးသွားတွေအတွက် ရွှေနှစ်လို့တော့ မျှော်လင့်ပါတယ်။” အခုလိုမျိုး ခရီးသွား ရွှေနှစ်ဖြစ်လာတဲ့အချိန်မှာ ခရီးသွားလုပ်ငန်းဘက်မှာလည်း လိုအပ်တဲ့ အပိုင်းတွေပေါ့နော်။ အဓိကလိုအပ်တဲ့ အပိုင်းတွေက ဘာတွေဖြစ်ပြီးတော့ ဘယ်ဟာတွေကို အရင်ဦးဆုံး မြှင့်တင်ဖို့လိုတယ်လို့ ဆရာတို့ သုံးသပ်ချင်လည်းပေါ့နော်။ "အဓိကကတော့ ဈေးကွက်တွေက ပိုမိုရရှိဖို့လိုလာပြီ။ ကျနော်တို့ တချိန်တုန်းက Destination Awareness ရအောင် ကျနော်တို့က လုပ်ရတဲ့အခါမှာ ကိုယ့်အိတ်စိုက်ပြီးတော့ အများကြီး ပရိုမိုးရှင်းတွေ လုပ်ခဲ့တယ်။ အခုတော့ နိုင်ငံတော်က ပံ့ပိုးမှုတွေလည်း ရှိလာပြီဆိုတော့ ကျနော်တို့ ကမ္ဘာ့ အဓိကခရီးသွားပြပွဲကြီးတွေကို ဖြစ်နိုင်ရင်တော့ နိုင်ငံတော်က အပြည့်အ၀ ဒီပေါ်မှာ ဘတ်ဂျက်ချပေးမယ်ဆိုရင် ကျနော်တို့ သွားနေကျ ကုမ္ပဏီတွေရော၊ ကုမ္ပဏီအသစ်တွေ၊ အငယ်တွေ ဘာပဲပြောပြော ကိုယ့်စရိတ်ကိုယ်ပဲ စားရရင်တောင် သွားနိုင်သေးတယ်။ ဒီ စတမ်း တခုအတွက် ၀ိုင်းထည့်တဲ့အခါမှာ လေးငါးထောင်ဆိုတာ သူတို့အတွက် ပေါင်းလိုက်ရင် သောင်းဂဏန်းဆိုတဲ့ဟာ၊ ကျနော်တို့ ထီထိုးသလိုပေါ့။ ရင်းပြီးတော့ ပြန်မရတာတွေ၊ မသေချာတဲ့ အခြေအနေတွေမှာ ကုမ္ပဏီငယ်တွေက မလုပ်နိုင်ဘူး။ အခုတော့ ဘာပဲပြောပြောလေ လူငယ်တွေဦးစီးတဲ့ ကုမ္ပဏီတော်တော်များများလည်း များလာပြီဆိုတော့ Market Share ရဖို့ အတွက်က World Wide Destination Promotion အတွက် Tourism Fair တွေကို သွားဖို့ ဌာနကနေပြီးတော့ ပိုပိုပြီးတော့ ထောက်ပံ့ပေးသင့်တယ်။ နောက်တချက်ကလည်း သွားတဲ့အခါမှာဆိုရင်လည်း ဘာပဲပြောပြော အားလုံး မျှမျှတတနဲ့ အခွင့်အရေးတူစွာ ခံစားခွင့်ရမယ်ဆိုရင် ဒါ ကျနော်တို့ အခု ခရီးသွားလုပ်ငန်းရှင် အသင်းဝင်တွေလည်း ပိုပြီးတော့ ကျနော်တို့အသင်းအပေါ် အားကိုးလာမယ်။ နောက် ၀န်ကြီးဌာနနဲ့ နိုင်ငံတော်အပေါ်မှာလည်း ပိုမိုပြီးတော့ ခရီးသွားအပေါ်မှာ အားပေးမှုအပေါ်မှာ သူတို့ ယုံကြည်မှုတွေ ရှိလာမယ်။ အဲ့လိုယုံကြည်ပါတယ်။ "နောက်တချက်ကတော့ ဈေးတွေပေါ့နော် အခုက ကြီးနေသေးတယ်။ ဟိုတယ်တွေကော အခြား Air-Line တွေကော၊ Domenstic Air-Line တွေကော၊ ကျနော်တို့ ခုတလောက ကော့သောင်းဘက် သွားတာတောင် ဒေါ်လာ ၁၀၀ ကျော်လောက်ကျတယ်။ One Way ကို။ အဲ့တော့ ဒီ ဒေါ်လာ ၁၀၀ ဆိုတာ နိုင်ငံတကာမှာ ကျနော်တို့ Domenstic ဆိုတာ မပြောနဲ့၊ Regional မှာတောင် သွားလို့ရတယ်။ အသွားအပြန် လေယာဉ်လက်မှတ်ဖိုးလောက် ရှိတယ် Regional မှာ။ အဲ့တော့ ကျနော်တို့က ပြည်တွင်းခရီးသွားတာတောင် ၀မ်းဆက်တာကို ဒေါ်လာ ၁၀၀ ကျော်လောက်  ရှိနေတာ။ ဒီနေ့ Fuel Surcharge ဆိုတာလည်း မရှိသင့်တော့ဘူး။ တချို့ မသိချင်ယောင် ဆောင်နေတုန်းပဲ။ ဘာလို့ဆိုတော့ နိုင်ငံတကာမှာ လောင်စာဈေးတွေ ကျဆင်းနေတယ်။ နောက် အပြိုင်အဆိုင် Budget Air-Line တွေ ပေါ်နေတဲ့ကာလမှာ ဘာပဲပြောပြော ဒီ ပြည်တွင်းခရီးသွားစရိတ်တွေက ဈေးကြီးနေသေးတယ်။ နောက်တချက်က ဟိုတယ်တွေလည်း အခုထိ ဈေးကြီးတုန်းပဲ။ ကျနော်တို့ Remote ဧရိယာတွေမှာ၊ ဟိုတယ် Beach ဧရိယာတွေမှာဆို၊ အခုလို Season ချိန်မှာ ဒေါ်လာ ၂၀၀၊ ၃၀၀ ယူတယ်။ ဒါတွေဟာ ရေရှည်မှာ မဖြစ်သင့်ဘူး။ နိုင်ငံတကာနဲ့ ယှဉ်မယ်ဆိုရင် ကျနော်တို့ရဲ့ Competitor ပြည်တွင်းမှာ မဟုတ်ပါဘူး၊ အိမ်နီးနားချင်းနိုင်ငံတွေနဲ့လည်း ယှဉ်ရပါမယ်။ အဲ့ဒီမှာ ကျနော်တို့ဘက်က ဒေါ်လာ ၂၀၀၊ ၃၀၀ ယူပြီး ထိုက်တန်တဲ့ Value Service ပေးရင်တော့ အကြောင်းမဟုတ်ဘူး။ အဲ့လိုမဟုတ်ဘဲနဲ့ ကျနော်တို့က လျော့ရိလျော့ရဲ ဆိုရင်တော့ တခါဆက်ဆံ ဆယ်ခါလန် ဖြစ်မှာပဲ။ ဒါကြောင့်မို့ ကျနော်တို့ ဈေးတွေလည်း Competitive ဖြစ်အောင်၊ လုပ်ငန်းရှင်တွေပိုင်းကလည်း ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်ဖို့ လိုမယ်လို့ထင်ပါတယ်။” ဒီလိုမျိုးပေါ့နော် အစစအရာရာလည်း ပြုပြင်ပြောင်းလဲပြီးတဲ့နောက်မှာ ခရီးသွားလုပ်ငန်းရဲ့ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ပေါ့၊ အဲ့ဟာပိုင်းမှာကော ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ရှေ့ဆက်ပြီးတော့ လုပ်သွားဖို့ရှိလဲပေါ့။ “ကျွမ်းကျင်လုပ်သားတွေကတော့ ကျနော်တို့ စာရင်းဇယား အတိအကျတော့ မသိပေမယ့် သိန်းဂဏန်းလောက်ကတော့ Hotel Industry၊ Tourism Industry မှာ လည်ပတ်နေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြန်ကြည့်ရရင်တော့ တိုးကုမ္ပဏီတွေပေါ့။ အထူးသဖြင့် Back Office ပေါ့။ ဒီ ခရီးသည်တွေ လာရောက်ဖို့အတွက် ဟိုတယ်တွေ၊ အဲလိုင်းတွေ၊ ကျန်တဲ့စားသောက်ဆိုင်တို့ Transport Sector တွေနဲ့ ဆက်သွယ်ပေးနေရတဲ့ ကျွမ်းကျင်တဲ့ တိုးကုမ္ပဏီ အခု ၂၀၀၀ လောက်ရှိတယ်။ ဒီထဲမှာ ပျမ်းမျှခြင်း ကုမ္ပဏီတခုမှာ ၁၀၀ မပြောနဲ့ ၁၀ ဂဏန်းပဲ ရှိတယ်ထားဦး၊ ကျနော်တို့ ကျွမ်းကျင်လုပ်သား ၂၀၀၀၀၊ ၃၀၀၀၀ လောက်ပဲ ရှိဦးမယ်ဆိုတာ ကျနော်တို့ရဲ့ Ratio အရ အရမ်းနည်းပါတယ်။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ ကျနော်တို့က Shortage တွေ ဖြစ်နေတယ်။ အဲ့ဒီအခါမှာ နောက်ထပ် ကျနော်တို့ အပြောအရတော့ Software ပေါ့။ ကွန်ပျူတာ Software ပိုင်းကို ဆိုလိုတာမဟုတ်ဘူးပေါ့။ လိုအပ်နေတဲ့ ဟိုတယ်တွေမှာ 5 Star Service ရှိတဲ့၊ Qualify ဖြစ်တဲ့ ၀န်ထမ်းတွေရှိဖို့ အများကြီးလိုပါသေးတယ်။ အဲ့ဒါကိုလည်း အခုသင်တန်းဆင်းတွေဆိုပေမယ့် ထိထိရောက်ရောက် အလုပ်အကိုင်ရရှိမှု မရှိသေးဘူး။ တကယ်ကျွမ်းကျင်တဲ့ သူတွေကျတော့လည်း တခြားနိုင်ငံတွေမှာ သွားလုပ်ကြရတယ်ပေါ့နော်။ အထူးသဖြင့် Middle East နဲ့ Regional တွေမှာ သွားလုပ်ကြတာတွေ ရှိတယ်။ အခုလည်း B.A Tourism ကလေးတွေက အခုဆို Final Year ရောက်လာပြီ။ ၃၀၀ လောက်တော့ရှိတယ်။ Third Year, Fourth Year တွေက ကျောင်းပြီးရင်တော့ရမယ်။ ကျနော်တို့ အခု ကုမ္ပဏီတွေမှာလည်း In Term ဆင်းနေကြပြီပေါ့နော်။ B.A Tourism ကလေးတွေ အလှည့်ကျဆင်းတယ်။ ဒါ ကောင်းပါတယ်။ ဒါ ကျနော်တို့ အလုပ်သင်ဆင်းခြင်းဖြင့် သူတို့အတွက် လက်တွေ့လုပ်ငန်းခွင်ရဲ့ အခြေအနေလည်း သိမယ်။ နောက် တဘက်ကလည်း သူတို့အတွက် Job Opportunity တွေရမယ်။ အခု ကုမ္ပဏီတွေဆိုလည်း ထောက်ပံကြေးပေါ့၊ စတိုင်ပင်သဘောမျိုး ပေးပြီးတော့ မွေးတာပေါ့။ ဒါ နိုင်ငံတကာမှာလည်း ဒီ Practise ရှိပါတယ်။ ဒါ သူတို့ ကျောင်းဆင်းရင်တော့ သူတို့ ဒီကုမ္ပဏီမှာ အလုပ်အကျွေးပြုလို့ရတယ်။ သူတို့အတွက်လည်း အလုပ်အကိုင် သေချာသလို ကုမ္ပဏီအတွက်လည်း ကောင်းပါတယ်။ "ဒါတွေကိုလည်း အခု Private Sector မှာရှိတဲ့ ရဲရဲဝံ့ဝံ့ပေါ့နော်၊ ၀ိုင်းဝန်းပံ့ပိုးမယ်ဆိုရင် ကျောင်းတက်ရတဲ့ ကလေးတွေအတွက်လည်း အကျိုးရှိမယ်။ ကုမ္ပဏီအတွက်လည်း အကျိုးရှိမယ်။ နောက် Brain Drain မဖြစ်တော့ဘူးပေါ့နော်။ ကိုယ့်ဆီမှာရှိတဲ့ အင်အားနဲ့ပဲ လုပ်မယ်ဆိုရင် အခြားနိုင်ငံကနေပြီးတော့ ကိုယ့်လူမျိုးတွေ ပြန်လာလုပ်တာ အကြောင်းမဟုတ်ဘူး။ အခုဟာက ကိုယ့်လူမျိုးတွေက Efficient ဖြစ်တဲ့လူ မရှိဘူး။ ရှိတဲ့လူကျတော့လည်း သူတို့ရဲ့ Salary တွေက အရမ်းမြင့်တော့၊ တချို့တွေက မလုပ်နိုင်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်လာ လေးငါးရာလောက်နဲ့ တချို့ ဟိုတယ်မန်နေဂျာ ထောင်ဂဏန်းတောင် မရဘဲနဲ့ နိုင်ငံခြားသားတွေ လာလုပ်နေကြတယ် မြန်မာပြည်မှာ။ လုပ်နေတဲ့ သာဓကတွေ ရှိလာပြီ။ ကိုယ့်မြန်မာတွေက မလုပ်နိုင်တာတော့ မဟုတ်ဘူး။ သူများနိုင်ငံကို သွားလုပ်တယ်။ ရတော့လည်း အဲ့ဒီလောက်ရတာ မဟုတ်ဘူး။ အဲ့လိုတွေ Unbalance ဖြစ်နေတာပေါ့နော်။ ဒါတွေကို အခုအစိုးရသစ်လက်ထက်မှာ ပြန် Balance လုပ်ပေးမယ်။ ပြည်ပရောက်တဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဘယ်လိုအကြောင်းကြောင့်တွေပဲဖြစ်ဖြစ် ဒါ လွတ်လပ်စွာ ပြန်လာခွင့်ပေးမယ်။ သူတို့တွေကို နေရာချထားပေးမယ်ဆိုရင် ကျနော်တို့ Brain Gain ဖြစ်မယ်ဆိုရင်တော့ ဘာပဲပြောပြော Tourism Industry Tour အတွက် လိုအပ်နေတဲ့ ကွက်လပ်ကြီးကို ဖြည့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။” အခုလို အစစအရာရာ ပြင်ဆင်ဖို့၊ ပြောင်းလဲဖို့တွေ ဖြစ်နေချိန်မှာ အဓိကကတော့ Law ပေါ့နော်။ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ Law က အရင်က တကယ့်ကို၊ အခုလက်ရှိ သုံးနေတဲ့ဟာက အရင် အဟောင်းဖြစ်နေတယ်ပေါ့နော်။ အခုပြင်ဆင်တဲ့ Law အပိုင်းကကော ဘယ်လိုအခြေအနေ ရှိပြီလဲပေါ့နော်။ ပြီးတော့ ဆရာတို့ အဲ့ဒီအထဲမှာ ဘာတွေ အဓိကအချက်တွေ ထည့်သွင်းဖို့တွေ အဓိကလိုမယ်လို့ ဆရာထင်လဲ။ “ဒီ Law ကတော့ ၁၉၉၀ ပြည့်လွန်နှစ်တည်းက ပြဋ္ဌာန်းထားတဲ့ Law ဆိုတော့ Out of Date ဖြစ်နေတာတွေ အများကြီးပဲ။ ဥပမာဆိုရင် တရားမ၀င်ကုမ္ပဏီတခုကို ကျပ်ငွေငါးသောင်းနဲ့ ထောင်ဒဏ်တောင် ၂ နှစ်တောင် မရှိဘူးထင်တယ်။ အခု Law အသစ်မှာဆိုရင်တော့ ခေတ်ကာလအရ သိန်းငါးဆယ်လားမသိဘူး။ နောက်ပြီးရင် ထောင်ဒဏ်လည်း တိုးမြှင့်တာမျိုးတွေ ရှိမယ်ဆိုတော့ လုပ်သင့်ပါတယ်။ ဒီ Law ကို အတည်ပြုဖို့က ပြီးခဲ့တဲ့ကာလ လွှတ်တော်မှာတည်းက ပထမအကြိမ်လွှတ်တော်မှာကတည်းက သမ္မတကြီးကတော့ ဒါ အတည်ပြုခဲ့တယ်ကြားတယ်။ ဒါပေမယ့် နည်းဥပဒေပိုင်းကို အတည်ပြုဖို့၊ ပြည်သူတွေကိုချပြဖို့၊ လွှတ်တော်မှာ ဆွေးနွေးဖို့အဆင့် မရောက်လိုက်ဘူး။ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းကာလမှာတော့ First Term မှာတင် ဒါတွေကို ဦးစားပေးလုပ်နိုင်မယ်ဆိုရင်တော့ သိပ်ကောင်းပါတယ်။ ဘာလို့ဆိုတော့ Tourism ခေတ် ရောက်တဲ့အချိန်မှာ တဘက်က အရေးယူမှုတွေ၊ နိုင်ငံခြားသားတွေ တရားမ၀င် လာရောက်လုပ်ကိုင်နေမှုတွေပေါ့နော်။ တရားဝင် JV လုပ်ပြီးတော့၊ အခွန်ဆောင်ပြီးတော့၊ မှတ်ပုံတင်ပြီးတော့ လုပ်တာက တမျိုးပေါ့နော်။ ဒါ MIC Law အရပဲဖြစ်ဖြစ်၊ FDI Law အရပဲဖြစ်ဖြစ် ဒါ လုပ်ခွင့်ရှိပါတယ်။ ဒါ AEC နောက်ပိုင်းမှာ နိုင်ငံခြားသားတွေလည်း ဒီမှာ Free Flow လာလုပ်လို့ရတဲ့ အပိုင်းတွေလည်းရှိပါတယ်။ "ဒါပေမယ့် ဒီဟာကို Law ဆိုတဲ့ ခြံစည်းရိုးနဲ့ပေါ့နော် လုံခြုံမှုမပေးနိုင်ဘူး၊ ကိုယ့်အမျိုးသားအကျိုးစီးပွား မကာကွယ်ပေးနိုင်ဘူးဆိုရင်တော့ အချည်းနှီးပဲ။ ဒါ့ကြောင့် ကျနော်တို့ Law ပြဋ္ဌာန်းဖို့ကိစ္စရပ်က ဒါ အမျိုးသားရေးတာဝန်တရပ် ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ Tourism ၀ိုင်းတော်သားတွေကလည်း အမြန်ဆုံး ၀ိုင်းဝန်း အကောင်အထည်ဖော်ဖို့လိုတယ်။ အကောင်အထည်ဖော်တဲ့နေရာမှာ Negative တွေကြီးပဲ ပြောနေဖို့မလိုဘူး။ ဖြစ်နိုင်တဲ့အရာ၊ ဖြစ်သင့်တဲ့ဟာတွေကို ဦးစားပေး အရင်ဆုံးဖြတ်ပါ။ ကျန်တဲ့အပိုင်းတွေက နှစ်စဉ် လွှတ်တော်မှာ Amend လုပ်သွားလို့ ရတယ်ပေါ့နော်။ အဲ့တော့ အိုဟောင်းနေပြီဖြစ်တဲ့ ဒီ Law ကြီးကို အမြန်ပြင်ဖို့ အရေးကြီးပါတယ်။ အဲ့ဒါပြီးရင်တော့ ဒုတိယပိုင်းကတော့ Modify လုပ်ရမှာတွေ၊ ပြင်ဆင်ရမယ့်ဟာတွေကတော့ ဆက်လုပ်သွားလို့ ရပါတယ်။ အဲ့ဒါကတော့ အရေးကြီးတဲ့၊ ကျနော်တို့အားလုံးရဲ့ တာဝန်တရပ်လို့ ကျနော်ယုံကြည်ပါတယ်။” အခုနောက်ဆုံးအနေနဲ့ပေါ့နော် ဆရာ ဘာများ ဖြည့်စွက်ပြောချင်သေးလဲရှင့်။ “ကျနော်တို့ ဘာပဲပြောပြောလေ။ Tourism ဆိုတာက တကယ် Export Earning ရတဲ့၊ အဓိက နိုင်ငံတကာမှာလည်း နိုင်ငံခြားငွေ အများဆုံး ရှာပေးနိုင်တဲ့ လုပ်ငန်းကြီးဖြစ်တယ်။ နောက် Sustainable Tourism Way နဲ့ စနစ်တကျလုပ်ကိုင်မယ်၊ ခုနကလို တာဝန်သိတတ်မှုတွေ၊ တာဝန်ယူမှုတွေ ရှိမယ်ဆိုရင် ကိုယ့်တိုင်းပြည်က ဘာမှ ပဲ့ပါသွားစရာမရှိဘူး။ တချိန်တုန်းက နိုင်ငံကို အမြောက်အမြား နိုင်ငံခြားငွေ ရှာပေးခဲ့တဲ့ သစ်လုပ်ငန်းတွေ၊ ကျောက်လုပ်ငန်းတွေ၊ သဘာဝဓာတ်ငွေ့တွေဆိုတာ အချိန်တန် လျော့ပါးသွားနိုင်တယ်။ Zero ထိ ဖြစ်သွားနိုင်တယ်။ အခုလည်း ဒါ တောင်ခေါင်းတုံးတွေ အများကြီးဖြစ်သွားခဲ့တယ်။ Resource တွေ ပျက်စီးသွားတယ်။ ပျောက်ဆုံးသွားတယ်။ အဲ့တော့ ဒါတွေဟာ အစားထိုးမရနိုင်ဘူး။ Tourism ကတော့ ခုနကလိုပေါ့ Professional အလုပ်ပဲ။ စနစ်တကျလုပ်မယ်။ ဒါကို ပေါ်လစီ တည်ငြိမ်စွာနဲ့ ဦးဆောင်ပြီးတော့ ၀ိုင်းဝန်းလုပ်မယ်ဆိုရင် နိုင်ငံခြားငွေလည်း အများကြီးရတယ်။ ဘယ်လိုပဲပြောပြော မတိမ်ကောတဲ့လုပ်ငန်းပေါ့။ ဒါကြောင့်မို့ Tourism မှာ လက်တဆုပ်စာ လူတွေအတွက်ပဲ မဟုတ်ပါဘူး။ ပြည်သူတွေအားလုံးနဲ့လည်း ဆိုင်တဲ့လုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် Tourism လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့က ပြည်သူတွေလည်း ၀ိုင်းဝန်းပံ့ပိုး ကူညီဖို့လိုတယ်။ ပံ့ပိုးကူညီတယ်ဆိုတဲ့နေရာမှာ Tourism မှာ ဖြစ်သင့်တဲ့ အသိတွေကို ကျနော်တို့ Educate လုပ်ရမယ်။ အခု ပုဂံဒေသတွေ၊ ကျွန်းစုတောင်ဘက်ပိုင်းမှာရှိတဲ့ မြိတ်ကျွန်းစုဒေသတွေ၊ တချို့ Touristic ဖြစ်တဲ့နေရာတွေမှာ Environment Pollution တွေ ဖြစ်တဲ့ကိစ္စတွေဟာ တိုးရစ်တွေကြောင့် မဟုတ်ပါဘူး။ ဒါပြောရရင်တာ့ မြန်မာတိုးရစ်တွေ၊ မြန်မာဘုရားဖူးတွေ၊ မြန်မာဒေသခံတွေက အမှိုက်တွေ စွန့်ပစ်တယ်။ စည်းမရှိ၊ ကမ်းမရှိ ဒါတွေကို Pollution ဖြစ်အောင် လုပ်တာတွေ အဲ့ဒါတွေ တွေ့ရတယ်။ "ဒါကြောင့်မို့လို့ ဒီဟာမှာ အသင်းတွေကလည်း Plastic Campaign တွေလုပ်တယ်။ အမှိုက်ကင်းစင်ရေး လုပ်တယ်ဆိုတာ ကြွေးကြော်နေရုံနဲ့ မဖြစ်ဘူးပေါ့နော်။ ဒေသအာဏာပိုင်တွေကလည်း လိုအပ်တဲ့ အစီအမံတွေပေါ့နော် အမှိုက်ပစ်မယ့်နေရာတွေ၊ အမှိုက်သိမ်းတဲ့စနစ်တွေ လိုသလို ပြည်သူတွေကလည်း ၀ိုင်းဝန်းပြီးတော့ စနစ်တကျ လုပ်မယ်ဆိုရင် Tourist တွေအတွက်၊ ကျနော်တို့ဆီမှာ မပျက်သုဉ်းဘဲ ကျန်မယ့် Amazing ဖြစ်စေတဲ့ အရာတွေ အများကြီးရှိတယ်။ အဲ့ဒါတွေအတွက် တန်ဖိုးတက်တာပေါ့။ အခုဟာကတော့ ကျနော်တို့ Beach တွေသွားရင်ပဲဖြစ်ဖြစ်၊ ပုဂံဘုရားတွေက ဘယ်လောက်ပဲ ဘယ်သူ့အတွက် Amazing ဖြစ်ဖြစ် ဒီ ပလတ်စတစ်ပုံကြီးတွေ၊ အမှိုက်ပုံကြီးတွေ၊ ရေသန့်ဘူးတွေနဲ့ Messy ဖြစ်နေတဲ့ နေရာတွေဟာ သဘာဝအလှတွေ၊ အဖိုးတန်တဲ့ အလှအပတွေကို ဖျက်ဆီးရာရောက်တယ်။ ဒါကြောင့်မို့လို့ ‘Tourism For All’ ဆိုတဲ့အတိုင်း အားလုံးအတွက်လည်း အကျိုးရှိမယ်။ အားလုံးကလည်း ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ဖို့ လိုမယ်ဆိုတာ ပြောရင်းနဲ့ပဲ နိဂုံးချုပ်ပါတယ်။” တွေ့ဆုံမေးမြန်းသူ - ခင်နှင်းဖြူစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024