A d v e r t i s e m e n t With Us

ပြိုကျအဆောက်ဦထဲမှ အမျိုးသမီးကို ၆ ရက်အကြာတွင် အသက်ရှင်လျက် ကယ်တင်နိုင် (ရုပ်သံ)

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က ပြိုကျလူနေတိုက်ခန်းထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးတဦးကို ပြိုကျအပြီး ၆ ရက်အကြာမှာ အပျက်အစီးတွေ အောက်ကနေ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ သူ့ကို လူနာတင်ယာဉ်နဲ့ သယ်ထုတ်သွားချိန်မှာ လူအုပ်ကြီးက ကောင်းချီးပေးခဲ့ပါတယ်။ ဟူရူမာခရိုင်က ၆ ထပ် လူနေအဆောက်အဦဟာ မိုးသည်းကြီးမည်းကြီး ဆက်တိုက်ရွာအပြီး ဧပြီ ၂၉ ရက် ညက ပြိုကျခဲ့လို့ အနည်းဆုံး လူ ၃၆ ဦး သေဆုံးခဲ့ပါတယ်။ အမျိုးသမီးက ရှာဖွေရေးအဖွဲ့တွေကို ဆက်သွယ်နိုင်ခဲ့အပြီး မေလ ၅ ရက် မနက်က ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေကို လက်ဗလာနဲ့ရော ပစ္စည်းတွေနဲ့ပါ တူးထုတ်ခဲ့ပါတယ်။ သူ့ကို ဆရာဝန်တွေက အောက်ဆီဂျင်ပေးပြီး ဒရစ်ပိုက်တွေပါ ချိတ်ပေးခဲ့ပါတယ်။ သူဟာ အင်္ဂတေအကျိုးတွေကြားက ဟာကွက်ထဲမှာ ရှင်သန်ကျန်ရစ်ခဲ့တာပါ။ အလုပ်သမားတွေဟာ ဧပြီ ၂၉ ရက်ကနေ အခုထိ လူ စုစုပေါင်း ၁၃၇ ဦးကို အသက်ရှင်လျက် ကယ်ထုတ်ခဲ့ပြီးပြီလို့ အရာရှိတွေက ပြောပေမယ့် ဒါဇင်နဲ့ချီတဲ့ လူတွေ ပျောက်ဆုံးနေဆဲပါ။ ပျောက်ဆုံးသူတွေဟာ ပြိုကျအဆောက်အဦထဲမှာ ပိတ်မိနေတာလား၊ ထွက်ပြေးလွတ်မြောက်ပြီး ခြေရာခံလိုက်လို့ မရတာလားဆိုတာ မရှင်းလင်းဘူးလို့ ကင်ညာ ကြက်ခြေနီအရာရှိတွေက ပြောပါတယ်။ ပြိုကျအဆောက်အဦဟာ မြစ်နဲ့ကပ်ပြီး တည်ဆောက်ထားခဲ့တယ်၊ ဖြိုချဖို့ လျာထားခဲ့ပြီးသား ဖြစ်ပေမယ့် ဒေသခံ အာဏာပိုင်တွေက အမိန့်အတိုင်း မလုပ်ခဲ့ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ရိုဘီမြို့အတွင်း တခြားအဆောက်အဦ အတော်များများလည်း လတ်တလော နှစ်တွေအတွင်း ပြိုကျခဲ့ပေမယ့် လူသေပျောက်မှုများတာတော့ မဖြစ်ခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up