ဗုံးခွဲမှုနှင့် စွပ်စွဲခံရသူ၏ တရားခွင်ကို နားထောင်ခွင့်ရရန် ဇနီးတောင်းဆို
နေသွင်
·
August 29, 2011
ဗုံးခွဲမှု၊ လူသတ်မှုတို့နဲ့ စွပ်စွဲခံရပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ကိုဖြိုးဝေအောင်ရဲ့အမှု တရားခွင်ကို ဝင်ရောက် နားထောင်ခွင့်ရဖို့ သူ့ဇနီးက တောင်းဆိုပေမယ့် ခွင့်ပြုချက်မရဘူးပါဘူး။
ဒီနေ့ရုံးချိန်းမှာ တရားသူကြီးကို တောင်းဆိုတဲ့အကြောင်းကို ဇနီးဖြစ်တဲ့ မဌေးဌေးက ပြောပါတယ်။
“တရားသူကြီးမင်းရှင်၊ တင်ပြစရာရှိလို့ဆိုပြီး တရားစစ်ဆေးတဲ့ အပေါက်ဝမှာ ရပ်ပြီးတော့ ဒီအချက်ကို တင်ပြချင်ပါတယ်ဆိုပြီး ပြောတယ်။ အဲဒါကို စာနဲ့တင်ပြပါလို့ပြောပါတယ်၊ ကျမခင်ပွန်းက တရားသူကြီးရဲ့ လွှတ်တော်မှာပြောကြားချက်အရ ကျနော့်ရဲ့ ညီနဲ့ ဇနီးသည်ကို တရားခွင်ထဲ ဝင်ရောက်နားထောင်ခွင့်ပြုပါဆိုပြီး သူစာရေးတင်ခဲ့တယ်။”
အရင် တရားသူကြီး ဦးကိုကိုဦးရဲ့ ဆုံးဖြတ်ချက်ကို ပြင်လို့မရဘူးလို့ အကြောင်းပြပြီး လက်ရှိ တရားသူကြီး ဦးခင်မောင်က တောင်းဆိုချက်ကို ပယ်ချတာပါ။
ကိုဖြိုးဝေအောင်ကို ၂၀၁၀ သင်္ကြန်ကာလ ရန်ကုန်မြို့က ဗုံးခွဲလက်သည်အဖြစ် ဖမ်းဆီးရုံးတင်နေတာပါ။ အဲဒီဗုံးပေါက်ကွဲမှုမှာ အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး ၁၇၀ ဒဏ်ရာရခဲ့ပါတယ်။
ကိုဖြိုးဝေအောင်ကို သက်သေမခိုင်လုံဘဲ ဖမ်းဆီးထားတာဖြစ်ပြီး စစ်ကြောရေးကာ လမှာလည်း နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်ပြီး ဖြောင့်ချက်ပေးခိုင်းခဲ့တယ်လို့ ကိုဖြိုးဝေ အောင်ရဲ့ မိခင်က မနှစ်ဩဂုတ်မှာ အဲဒီတုန်းက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာပို့ဖူးပါတယ်။
“အရင်တုန်းက မိသားစုနားထောင်ခွင့် မရတာတွေ၊ ဥပဒေအရ အခွင့်အရေးတွေ ဘာမှမရဘူး၊ အခုတော့ သမ္မတလည်း တက်လာပြီ၊ တရားစီရင်ရေးကလည်း အခြေခံဥပဒေအတိုင်း ပေါ်ပေါက်လာပြီဆိုတော့ မျှော်လင့်ချက်ထားတယ်ပေါ့။ ကျမခင်ပွန်းသည် အမှုမှာ သက်သေခံဥပဒေတွေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွေ၊ ရဲလက်စွဲတွေ ချွတ်ချော်နေတာတွေ အများကြီး၊ အဲဒါတွေကို အခု သမ္မတအသစ်လက်ထက်မှာ တရားစီရင်ရေး ဥပဒေအသစ်တွေလည်း ပေါ်လာတော့ မိသားစုဝင်ခွင့်တို့၊ ခုခံချေပခွင့်တို့ ဘာမှမရခဲ့တာတွေကို စပြီးတောင်းဆိုတာမျိုးလုပ်ချင်တာပေါ့၊ ဒီလိုမျိုး လုပ်ဖို့အတွက်ကို မရသေးဘူးဖြစ်နေတယ်၊ အမိန့်ချဆိုတော့လည်း မချသေးဘူး။”
ဒီနေ့တရားခွင်ကို အရင်တရားခွင်တွေအတိုင်းပဲ မိသားစုဝင်တယောက်မှ ဝင်ရောက်နားထောင်ခွင့်မရခဲ့ဘဲ အမှုကို တနင်္လာနေ့ ထပ်ပြီး ရုံးချိန်းတယ်လို့ မဌေးဌေး က ပြောပါတယ်။