A d v e r t i s e m e n t With Us

ခိုးရာလိုက်ရာတွင် ကူညီခဲ့သူ မိန်းကလေးကို မီးရှို့သတ်ရန် အမိန့်ပေးသူများ ဖမ်းဆီးခံရ

ဓာတ်ပုံ - ရိုက်တာ
စုံတွဲတတွဲ ခိုးရာလိုက်ပြေးနိုင်အောင် ကူညီခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး တဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖို့ အမိန့်ထုတ်ခဲ့တဲ့ တိုင်းရင်းသားကောင်စီဝင် ၁၅ ဦးကို ပါကစ္စတန်ရဲတွေက မေလ ၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ မိန်းကလေးကို မြို့တော် အစ္စလာမ်မာဘတ်ရဲ့ အရှေ့မြောက်ဘက် မိုင် ၃၀ အကွာက ဒွန်ဂါ ဂါလီမြို့မှာ အရင်အပတ်က မီးရှို့ခဲ့တယ်လို့ ခရိုင်ရဲချုပ် စာအိ ဝါဇီယာက ပြောပါတယ်။ ရွာရဲ့ဂုဏ်သိက္ခာကို ပျက်စီးစေတယ်လို့ ရွာကောင်စီက ရှုမြင်ပြီး အပြစ်ပေးတဲ့အနေနဲ့ ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်းလို့ ခေါ်တဲ့ စီရင်မှုကို အမိန့်ပေးခဲ့တာလို့ ရဲက ပြောပါတယ်။ ခိုးရာလိုက်ပြေးတဲ့ စုံတွဲကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ မိန်းကလေးရဲ့ မိခင်နဲ့ အစ်ကိုကိုလည်း ရဲကဖမ်းခဲ့တယ်၊ သူတို့တွေဟာ အစည်းအဝေးအတွင်း ရှိနေခဲ့ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖို့ စီရင်ချက်ကို သဘောတူခဲ့ကြတယ်လို့ စွပ်စွဲခံထားရကြောင်း ဝါဇီယာက ဆက်ပြောပါတယ်။ ပါကစ္စတန်ရဲ့ အနောက်မြောက် ဒေသတွေမှာ တိုင်းရင်းသားကောင်စီလို့ ခေါ်ကြတဲ့ အဖွဲ့ဟာ ဒေသတွင်း ပဋိပက္ခတွေကို ဖြေရှင်းတဲ့ နည်းလမ်းတခုဖြစ်ပေမယ့် သူတို့ရဲ့ စီရင်ချက်တွေဟာ ပါကစ္စတန် ဥပဒေအောက်မှာ တရားဝင်မှု မရှိပါဘူး။ မိန်းကလေးရဲ့ မိခင်ကလည်း သူ့သမီးဟာ ယဉ်ကျေးမှု ကျင့်ဝတ်ကို ဆန့်ကျင်ပြီး စုံတွဲ ခိုးပြေးတာကို ကူညီခဲ့တယ်လို့ ရဲကို ပြောပါတယ်။ ဝါဇီယာကတော့ သူ့တသက် ဒီလောက်ရက်စက်တဲ့ တိုက်ခိုက်မှု မမြင်ဖူးဘူးလို့ ပြောပါတယ်။ ပါကစ္စတန်နိုင်ငံမှာ မနှစ်က ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှုအတွင်း အမျိုးသားနဲ့ အမျိုးသမီး အယောက် ၅၀၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။ ရာဇဝတ်မှု အများအပြားဟာ မိသားစုကို အရှက်ရစေတယ်လို့ ပြောရင်း ဆွေမျိုးတွေက ကျူးလွန်ခဲ့ကြတာပါ။ အမှုနည်းနည်းပဲ တရားရုံးကို ရောက်လာပြီး တိုက်ခိုက်သူတွေဟာ အမြစ်တွယ်နေတဲ့ အစ္စလာမ္မစ် ဥပဒေအောက်မှာ မကြာခဏ ခွင့်လွှတ်ခံရလေ့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up