နိုင်ငံတ၀န်း လူထုအခြေပြု ကျန်းမာရေးဆေးခန်းများ ဖွင့်လှစ်မည်
DVB
·
May 6, 2016
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ စ်ီမံကိန်းအဖြစ် အဓိက ဦးစားပေး ဆောင်ရွက်နေတဲ့ အစီအစဉ်တွေထဲမှာ လူထုအခြေပြု ကျန်းမာရေးဆေးခန်းတွေဖွင့်လှစ်သွားဖို့ စီမံချက်တွေလည်း ပါဝင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စီမံချက်ထဲမှာ ကူးစက်ရောဂါတွေ ကာကွယ်ရေးလုပ်ငန်းတွေလဲပါဝင်ပြီး ဒီအထဲမှာ ကလေးငယ်တွေ အဖြစ်များတဲ့ နမိုးနီးယားရောဂါအတွက် ကာကွယ်ဆေးထိုးနှံပေးဖို့နဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးတွေထိုးနှံသွားဖို့တွေရှိတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က ဒီဗွီဘီကိုပြောပါတယ်။
တခြားကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီးလည်း သင်တန်းတွေပေးသွားဖို့ရှိသလို ကွင်းဆင်း လေ့လာ သုတေသနပြုဖို့ အစီအစဉ်တွေလည်း ရက် ၁၀၀ စီမံချက်ထဲမှာပါဝင်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ ထိခိုက်မှုတွေ လျော့ချဖို့အတွက်ကိုတော့ ကြိုတင်ပြင်ဆင်တာတွေပြုလုပ်သွားဖို့နဲ့ ပညာပေးလုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက် သွားဖို့ ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။