A d v e r t i s e m e n t With Us

စစ်ကိုင်းအလုပ်သမား သပိတ်စစ်ကြောင်း နေပြည်တော်အထိ ဆက်လက်လမ်းလျှောက်

စစ်ကိုင်းအလုပ်သမား သပိတ်စစ်ကြောင်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ နေပြည်တော် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကနေပြီး ဆွေးနွေးညှိနှိုင်းဖို့ ဖိတ်ကြားထားပေမယ့်လည်း ဒီနေ့ ဧပြီလ ၆ ရက်နေ့ မနက်မှာ မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်အတွင်းမှာ ဆက်လက်ချီတက်လမ်းလျှောက် ဆန္ဒပြနေကြပါတယ်။ စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ Myanmar Veener Fly Wood သစ်အချောထည်စက်ရုံက အလုပ်သမားတွေ ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့အပေါ် အစိုးရတာဝန်ရှိသူတွေက ပြေလည် အောင် ဖြေရှင်းမပေးလို့ ဧပြီ ၂၉ ရက် မနက်ကစပြီး နေပြည်တော်ထိ ခရီးရှည်လမ်းလျှောက် သပိတ်မှောက်ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။ အလုပ်သမားတွေဟာ ဧပြီ ၂၆ ရက်ကလည်း နေပြည်တော်ကို ကားနဲ့သွားရောက် ဆန္ဒပြဖို့ ကြိုးပမ်းခဲ့ပေမယ့် ၀မ်းတွင်းအကျော် မိတ္ထီလာအကြားမှာ တားဆီးခံခဲ့ရလို့ စစ်ကိုင်းကို ပြန်လာခဲ့ရပြီး ဒီကနေ့ နေပြည်တော်ကို ထပ်မံလမ်းလျှောက်သွားရောက် ဆန္ဒပြဖို့ ထွက်ခွာသွားကြတာပါ။ အိန္ဒိယနိုင်ငံသားပိုင် အဆိုပါသစ်အချောထည်စက်ရုံက အလုပ်သမားတွဟာ တရက်ကို အလုပ်ချိန် ၁၂ နာရီလောက် အလုပ်လုပ်ရပေမယ့် အချိန်ပိုကြေးမရတဲ့အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာကစပြီး အချိန်ပိုကြေးကို ဥပဒေအတိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလိုတောင်းဆိုခဲ့ပြီးနောက် စက်ရုံနဲ့ မြို့နယ်တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ အချိန်ပိုကြေး၊ နှစ်တိုးကြေး၊ ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေး၊ နေထိုင်စရိတ်၊ စားစရိတ်၊ လမ်းစရိတ်တွေကို ဇန်ဝါရီလမှာ အပြီးညှိနှိုင်းပြီး ဖေဖော်ဝါရီမှာ စတင်အကျိုးခံစားခွင့်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ရှင်ဘက်က စာချုပ်ကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး အလုပ်သမားတွေက ရပိုင်ခွင့်တွေ တောင်းဆိုခဲ့ရာမှာ ဒီအခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမား ၁၆၀ ကျော် အလုပ်ထုတ်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့တုန်းကလည်း စစ်ကိုင်းမှာ လေပြင်းတွေတိုက်၊ မိုးသီးတွေ ကြွေကျတဲ့အတွက် သပိတ်စခန်းလည်းပျက်စီးသွားပြီး မိုးသီးဒဏ်ခံခဲ့ရတဲ့ အလုပ်သမား ၃၀ ကျော် ဖျားနာလို့ ဆေးရုံတင်ခဲ့ရပါတယ်။ ရုပ်သံ - ကိုဇေယျာ

A d v e r t i s e m e n t With Us

More News
Up