ရန်ကုန်မြို့တွင် လူနေသိပ်သည်းမှုကို ဖြေရှင်းမည်ဟု မြို့တော်ဝန်ပြော
ပိုင်စိုး
·
May 6, 2016
ရန်ကုန်မှာ လူနေကျပ်သိပ်တာနဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်ရဲ့ ပတ်ဝန်းကျင်တွေကို ဖွံ့ဖြိုးလာအောင်လုပ်မယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။
“တခြားနေရာတွေကို ဖွံ့ဖြိုးအောင်လုပ်ပြီး လူတွေ လာနေချင်အောင် လုပ်မယ်။ အသေးစိတ်တော့ ပြောလို့ မရသေးဘူး။ သေချာတာကတော့ လူတွေကို အတင်းလာနေခိုင်းမှာ မဟုတ်ပဲ သူတို့ နေချင်စိတ်ဖြစ်လာအောင် လုပ်မှာပါ” လို့ မြို့တော်ဝန်က ပြောပါတယ်။
ရန်ကုန်မြို့လယ်မှာပဲ စီးပွားရေးလုပ်ငန်းအများစုရှိနေတဲ့အတွက် ဝန်ထမ်းတွေအားလုံးက မြို့ထဲကိုပဲ လာနေကြရပြီး ပို့ဆောင်သွားလာရေးအပါအဝင် တခြားပြဿနာတွေကို ကြုံနေရတယ်လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်က ရန်ကုန်ရဲ့ ပတ်ဝန်းကျင်မှာ မြို့သစ်တွေအများကြီး လုပ်ခဲ့ပေမယ့် ဖွံ့ဖြိုးမှုကတော့ အားနည်းနေသေးတာပါ။
ရန်ကုန်ရဲ့ စည်ပင်ဧရိယာမှာ မြို့နယ်ပေါင်း ၃၃ ခုရှိပြီး လူဦးရေ ၆ သန်းကျော်ရှိနေပါတယ်။