တင်းနစ်ဘောလုံးအရွယ် အကြီးဆုံးစိန်တုံး လေလံတင်ရောင်းချမည်
နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ စိန်တုံးတွေထဲမှာ အကြီးဆုံးစိန်တုံးကို နယူးယောက်မြို့ ဆိုလာဘီ (Sotheby's) လေလံကုမ္ပဏီက လေလံတင်ရောင်းချမယ်လို့ ဆိုပါတယ်။
တင်းနစ်ဘောလုံးအရွယ် ၁၁၀၉ ကရက်ရှိပြီး လာမယ့် ဇွန်လ ၂၉ ရက်နေ့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ရရှိမယ်လို့ လေလံကုမ္ပဏီက မျှော်မှန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဘော်ဆွာနာနိုင်ငံ စိန်တွင်းတခုမှာ ကနေဒါကုမ္ပဏီက တူးဖော်တွေ့ရှိခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော်အတွင်း စိတ်ကူးဖို့တောင် မလွယ်တဲ့ အကြီးဆုံး စိန်ရိုင်းတုံးကြီးဖြစ်တယ်လို့ ဆိုလာဘီ လေလံကုမ္ပဏီ ဥက္ကဋ္ဌတဦးက ပြောဆိုပါတယ်။
ဒါထက် ပိုမိုကြီးမားတဲ့ အလေးချိန် ကရက် ၃၀၀၀ ကျော်ရှိတဲ့ စိန်ရိုင်းတုံးကိုတော့ ၁၉၀၅ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။
အဲဒီစိန်ရိုင်တုံးကို အပိုင်းပိုင်း ခွဲစိတ်ခဲ့ပြီး အကြီးဆုံး ၂ ပိုင်းကတော့ ဗြိတိန်သရဖူမှာ ထည့်သွင်းထားပါတယ်။