တံတောင်နှင့်တွက်သည့် ဖလာမီနီနှင့် ဆံပင်ပြန်ဆွဲသည့် ရောဘတ်ဟုသ် ၃ ပွဲပယ်ခံရ

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း အလယ်တန်း ကစားသမား ဖလာမီနီနဲ့ လက်စတာအသင်း နောက်ခံလူ ရောဘတ်ဟုသ်တို့ကို အကြမ်းဖက်မှု အပြုအမှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ၃ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဖလာမီနီက မန်ယူရဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်မှာဖြစ်ပြီး မေ ၂၁ ရက် ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် အက်ဖ်အေ ဗိုလ်လုပွဲမှာ ပြန်လည် ကစားနိုင်မှာ ဖြစ်ပါတယ်။ ဟုသ်ကတော့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၂ ပွဲလုံး လွဲချော်မှာဖြစ်သလို နောက်နှစ် ရာသီအစ ပွဲတပွဲကိုလည်း ကစားခွင့်ရမှာ မဟုတ်ပါဘူး။ ကစားသမား ၂ ဦးလုံးက ပြစ်ဒဏ်ကို လက်ခံပေမယ့် ဟုသ်ကတော့ ပွဲပယ်တာ များတယ်လို့ ပြောပါတယ်။ မေလ ၁ ရက်နေ့က မန်ယူနဲ့ လက်စတာတို့ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ဖလာမီနီက တံတောင်နဲ့ ဟုသ်ကို တွက်မိသလို ဟုသ်ကလည်း ဖလာမီနီဆံပင်ကို ဆွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ဘောလုံးပွဲ ကြီးကြပ်သူတွေက မမြင်ပေမယ့် ဒိုင်လူကြီး ၃ ဦးက ရုပ်သံမှာ ပြန်လည်ကြည့်ရှုခဲ့ပြီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up