Home
မြန်မာသတင်း
ဧရာဝတီတိုင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ အမှိုက်ခွန် တိုးမြှင့်ကောက်မည်
DVB
·
May 5, 2016
စီးပွားရေးလုပ်ငန်းတွေကထွက်တဲ့ အမှိုက်တွေက စည်ပင်သာယာဌာနအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် ဧရာဝတီတိုင်းအတွင်း အမှိုက်ကင်းစင်ရေးစီမံချက်အနေနဲ့ လုပ်ငန်းရှင်တွေဆီက စွန်ပစ်အမှိုက်တွေအပေါ် အခွန်ပိုကောက်ဖို့ စီစဉ်နေပါတယ်။ မေ ၄ ရက်နေ့ မနက် ၉ နာရီမှာ ပုသိမ်မြို့မြို့တော်ခန်းမအတွင်းမှာ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာဝန်ကြီး ဦးကျော်မြင့်က တိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲမှာ အခုလိုပြောကြားခဲ့တာပါ။ “အခုကစပြီးတော့ လမ်းညွှန်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းက ထွက်တဲ့ အမှိုက်ကတော့ ကျနော်တို့စည်ပင်အတွက်မှာ ၀န်ထုပ်ဝန်ပိုးအကြီးဆုံးဖြစ်တယ်။ ဖြစ်နေတဲ့အခါကျ တော့ ဒါကိုတိုးမြှင့်ကောက်ရမယ်လို့ ကျနော်ကလမ်းညွှန်လိုက်တယ်။ လမ်းညွှန်လိုက်တဲ့အခါကျတော့ ဘယ်လိုနှုန်းထားတွေနဲ့ တိုးမြှင့်ကောက်ရမလဲဆိုတာ ၀န်ထမ်း တွေကနေပြီးတော့ ကျနော့်ကို အစီရင်ခံ တင်ပြပြီးတော့မှ ကျနော်တို့က ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထားaတွနဲ့ တိုးမြှင့်ပြီးကောက်သွားမှာပါ” လို့ ပြောပါတယ်။ စည်ပင်သာယာဌာနအနေနဲ့ ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်း သတ်မှတ် ညွှန်ကြားချက်တွေအရ မီးဖိုချောင်ထွက် အမှိုက်တွေကိုပဲ တာဝန်ယူသိမ်းဆည်းဖို့ တာဝန်ရှိပြီး စီးပွားရေးလုပ်ငန်းတွေက ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေအတွက် လုပ်ငန်းရှင်က ကိုယ်တိုင်တာဝန်ယူပြီး ဒါမှမဟုတ် စည်ပင်ဌာနကို အခွန်ဆောင်ပြီး စွန့်ပစ်ဖို့ တာဝန်ရှိတယ်လို့ စည်ပင်တိုင်းညွှန်မှူးက ပြောပါတယ်။ ဒါပေမယ့် ပုသိမ်မြို့တမြို့တည်းမှာ စီးပွားရေးလုပ်ငန်းလိုင်စင် ယူထားတဲ့ စားသောက်ဆိုင် ပေါင်း ၂၅၀၀ ကျော်ရှိပေမယ့် စီးပွားရေး အမှိုက်ခွန်ဆောင်တဲ့ လုပ်ငန်းရှင် ၂၀၀ ကျော်ပဲ ရှိနေသေးတာပါ။ “ကျနော်တို့က မဆောင်ရသေးတဲ့ အဖွဲ့တွေကို စီးပွားရေး အမှိုက်ခွန်ပေးဆောင်ဖို့အတွက်လည်း လက်ကမ်းစာစောင်တွေပေးပြီးတော့မှ ဆိုင်တိုင်း သိရှိလာအောင် အကျယ်တ၀ံ့ဆွေးနွေးချပြပြီးတော့မှ စည်းရုံးတဲ့အနေအထားမျိုး ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်”လို့ တိုင်းစည်ပင်ညွှန်မှူး ဦးအောင်မင်းနိုင်က ပြောပါတယ်။ ဒီနေ့ အစည်းဝေးကို ပုသိမ်မြို့ပေါ်မှာရှိတဲ့ လူမှုအထောက်အကူပြု အရပ်ဘက်အဖွဲ့အစည်း တွေလည်း တက်ရောက် ဆွေးနွေးခွင့်ရခဲ့ပါတယ်။ မြို့တော်တွေ အမှိုက်ကင်းစင် သန့်ရှင်းလှပဖို့ဆိုရင် ပြည်သူတွေဘက်က လည်းပူးပေါင်းပါဝင်မှုတွေ လုပ်ဆောင်ဖို့ လိုသလို  စည်ပင်ဘက်ကလည်း အမှိုက်ကားတွေ အလုံအလောက်နဲ့ ရပ်ကွက်တိုင်းကို အမှိုက်သိမ်းဖို့ လိုတယ်လို့လည်း ဒေသခံတွေက သုံးသပ်ပါတယ်။ “ကျနော့်အမြင်ပြောရရင် ရက် ၁၀၀ အတွင်းမှာ ပြည်သူလူထုအားလုံးကို ပညာပေးနိုင်ဖို့ဆိုတာ မလွယ်ကူသေးပါဘူး။ အရင်ကထက်တော့ အများကြီး သန့်ရှင်းသွားလိမ့်မယ်။ သို့သော်လည်း လုံးဝ အမှိုက်ကင်းစင်တဲ့ မြို့တမြို့ဖြစ်ဖို့ကတော့ ရက် ၁၀၀ အတွင်းမလွယ်သေးပါဘူး။ အဓိကကတော့ ပြည်သူလူထုရဲ့ ဓလေ့စရိုက်တွေကို အကုန်အရင်ပြောင်းရမှာဖြစ်ပါတယ်” လို့ ပုသိမ်မြို့ခံ ကိုလင်းလင်းက ပြောဆိုပါတယ်။ ဧရာဝတီတိုင်းဒေသကြီး တခုလုံးအနေနဲ့ သန့်ရှင်းလှပဖို့အတွက် ရက် ၁၀၀ စီမံကိန်းကို စတင်ဆောင်ရွက်ဖို့ တိုင်းဒေသကြီး စည်ပင်ဝန်ကြီးက ညွှန်ကြားခဲ့အပြီး လုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့ကို သက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပြည်သူတွေကို ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024