မတူကွဲပြားပါတီဥက္ကဋ္ဌဦးနေမျိုးဝေ ကိစ္စ ကော်မရှင်ကို တိုင်ကြားသူ မရှိသေးဟုဆို
ရွှေအောင်
·
May 5, 2016
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေကို တရားစွဲဆိုဖို့ ပုသိမ်ထောင်ထဲမှာ ချုပ်နှောင်ထားလိုက်ပြီးဖြစ်ပေမယ့် သူနဲ့ပတ်သက်လို့ ကော်မရှင်ကို တစုံတရာတိုင်ကြား အသိပေးခြင်း မရှိသေးဘူးလို့ ကော်မရှင်ရုံးညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောပါတယ်။
တစုံတယောက် အဖွဲ့အစည်းတခုခုက တိုင်ကြားလာမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်အနေနဲ့ ပါတီကို တစုံတရာ ကိုင်တွယ်လုပ်ဆောင်နိုင်မယ်လို့ ပြောပါတယ်။
“အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီး ကျနော်တို့ဆီကိုတော့ တရားဝင် တိုင်ကြားလာခြင်း မရှိသေးဘူးဗျ၊ ကျနော်တို့ဆီကို တယောက်ကမှ သတင်းပေးပို့လာခြင်း တရားဝင် တင်ပြလာခြင်း မရှိသေးပါဘူး။ တယောက်ယောက်က အကြောင်းကြားလာ အသိပေးလာမှ ကျနော်တို့က ဒီလို အရေးယူ ဆောင်ရွက်ရမှာကိုး။”
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီခေါင်းဆောင်တယောက်ဟာ ပဋိပက္ခ ဖြစ်စေမယ့် ဘာသာရေး လူမျိုးရေး လှုဆော်ဟောပြောမှု မလုပ်ပါ။ သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေတဲ့ ရေးသားဟောပြောမှုများ မလုပ်ပါလို့ ခံဝန်ထိုးပြီး ပါတီထောင်ရတာ ဖြစ်ပါတယ်။
အဲ့ဒီခံဝန်ချက်ကို ဖောက်ဖျက်ရင် ပါတီကိုဖျက်သိမ်းနိုင်တယ်လို့ ပုဒ်မ ၁၂ မှာ ပြဌာန်းထားပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၃ ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်း ပုဒ်မ ၁၂ မှာ ပါတီသည် အောက်ပါအချက်တရပ်ရပ်နှင့် ငြိစွန်းလျင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု ဖော်ပြထားပြီး အပိုဒ်ခွဲ ၄ မှာ ပုဒ်မ ၆ပါ ၀န်ခံချက်တရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက်ခြင်း လို့ ပြဌာန်းထားပါတယ်။
မတူကွဲပြားခြင်းပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေဟာ နိုင်ငံတော် အကြီးအကဲများနှင့် အန်အယ်လ်ဒီပါတီကို စော်ကားပုတ်ခတ်တဲ့ စာများ facebook စာမျက်နှာတွင် တင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုသိမ်ထောင်မှာ ချုပ်နှောင်ခံထားရပါတယ်။