Home
မြန်မာသတင်း
မေးခွန်းပေါက်ကြားမှု ကျောင်းအုပ်ကြီး ၄ ဦးကို အရေးယူ
DVB
·
May 5, 2016
ရာထူးတာဝန်အလျောက် လျှို့ဝှက်လုံခြုံစွာ ထိန်းသိမ်းရမယ့်မေးခွန်းလွှာတွေကို အချိန်မတိုင်မီ ဖွင့်ဖောက်ဖြန့်ဝေ ပေါက်ကြားစေခဲ့တဲ့အတွက် ကျောင်းအုပ်ကြီး လေးဦးကို အရေးယူထားတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ နေပြည်တော်အဆောက်အအုံမှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် ၂၂ ရက်မြောက်နေ့မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်က ဒေါက်တာ ဦးလှမိုးမေးမြန်းတဲ့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ ပညာရေးဝန်ကြီးဌာန၊ စာစစ်ဦးစီးဌာနတို့ ဦးစီးကျင်းပပြုလုပ်တဲ့ လေးတန်း၊ ရှစ်တန်းစာမေးပွဲမေးခွန်းတွေ မှားယွင်းခြင်း၊ မဖြေဆိုခင် ကြိုတင်ပေါက်ကြားပြီး ဖြေဆိုတဲ့နေ့မှာ တိုက်ဆိုင်နေခြင်းကို တွေ့မြင်ကြားသိခဲ့ရပါသဖြင့် တာဝန်ရှိဆုံးသူမှ တာဝန်ယူ တာဝန်ခံပါမည်လားမေးခွန်းကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြန်လည်ဖြေကြားစဉ် အခုလို ထည့်သွင်းပြောဆိုသွားတာပါ။ “မေးခွန်းပေါက်ကြားမှုဟာ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှာဖြစ်ပွားခဲ့တာပါ။ ရှေးဦးစုံစမ်း စစ်ဆေးရေးအဖွဲ့၏ စိစစ်တွေ့ရှိချက်များအရ စာစစ်ကြီးကြပ်ရေးမှူး တာဝန်ယူရသည့် အောက် ဖော်ပြပါ ကျောင်းအုပ်သုံးဦးနှင့် အခြားကျောင်းအုပ်တစ်ဦးတို့က မသမာသော နည်းလမ်းများ သုံး၍ မေးခွန်းထုတ်ကိုလက်ရာမပျက် ဖောက်ယူခြင်းကြောင့်သာ မေးခွန်းပေါက်ကြားခြင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိရတယ်။”လို့ ဒေါက်တာမျိုးသိမ်းကြီးက ဆိုပါတယ်။ အရေးယူခံရတဲ့ ကျောင်းအုပ်တွေကတော့ ထိန်စမ်းစာစစ်ဌာန အလကခွဲ၊ အဋ္ဌမတန်း ကြီးကြပ်ရေးမှူး၊ ဦးအောင်စိုးမင်း၊ တလုံးသွေးစာစစ်ဌာန အလကခွဲကျောင်းအုပ် စတုတ္ထတန်း ကြီးကြပ်ရေးမှူးဖြစ်တဲ့ ဦးမြတ်စိုး၊ ထိန်ကန်စာစစ်ဌာန အလက(ခွဲ)ကျောင်းအုပ် စတုတ္ထတန်း ကြီးကြပ်ရေးမှူး ဒေါ်လှလှရွှေနဲ့ ဦးထက်မြတ်ကျော် အမကကျောင်းအုပ် ချောင်းပိုက်ကျေးရွာ တို့ဖြစ်ပါတယ်။ မေးခွန်းပေါက်ကြားမှုနဲ့ ပတ်သတ်ပြီး ပေါက်ကြားစေတဲ့ ကျောင်းအုပ်ကြီးတွေကို အရေးယူ ထားပေမယ့်လည်း ကြီးကြပ်သူအဆင့်အဆင့်ကိုပါ အရေးယူသင့်တယ်လို့ မေးခွန်းမေးမြန်းတဲ့ ဒေါက်တာလှမိုးက ဆိုပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့တဲ့ ၂၀၁၅/၁၆ ပညာသင်နှစ်အတွင်း စတုတ္ထတန်းနဲ့ အဋ္ဌမတန်းမေးခွန်းပေါက်ကြားခဲ့မှုနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာကျောင်းအုပ်တွေကို ချောက်မြို့နယ်၊ မြို့မရဲစခန်းက (ပ) ၂၅/ ၂၀၁၆၊ လျှို့ဝှက်ချက်ဥပဒေပုဒ်မ ၅(၁)(က)(ဂ)နဲ့ အရေးယူထားတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024