ကမ္ဘာလှည့်ခရီးသည်တင်ကား မြောင်းအတွင်း ထိုးကျ၊ ၄ ဦးသေ

2K
ထိုင်းနိုင်ငံ၊ ၀မ်ချာအို့ခရိုင်ထဲမှာ ဒီကနေ့မနက်အစောပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေ တင်ဆောင်လာတဲ့ မီနီဗန်ကားတစီးဟာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမြောင်းတခုထဲ ထိုးကျတိမ်းမှောက်ခဲ့လို့ ၄ ဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဘန်ကောက်မြို့မှာ မှတ်ပုံတင်ထားတဲ့ အဆိုပါမီနီဗန်ကားဟာ မြောက်ပိုင်း ချင်းမိုင်မြို့ဆီ ဦးတည်မောင်းနှင်ခဲ့တာဖြစ်ပြီး ဖာဟိုလ်ရိုသင်လမ်းမပေါ်မှာ ကားဘီးချော်ပြီး သစ်ပင်တပင်ကို တိုက်မိခဲ့ပြီးနောက် ခုလို တိမ်းမှောက်ခဲ့တာလို့ ၀မ်ချာအို့ခရိုင် ရဲချုပ် ပရာသိပေါ်သီယမ်က ပြောပါတယ်။
ကားတိုက်တဲ့အရှိန်ကြောင့် ခရီးသည်တွေဟာ လွင့်စင်သူတွေက လွင့်ထွက်ပြီး ခရီးသည်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ ကားထဲပိတ်မိနေပြီး ခနချင်းမှာပဲ သေဆုံးခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
တခြားထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးကိုတော့ နီး စပ်ရာဆေးရုံတရုံဆီ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
မျက်မြင်သက်သေတွေက အဆိုပါကားဟာ အရှိန်မြှင့်မောင်းနှင်ခဲ့တယ်လို့ ရဲတွေကို ပြောပါတယ်။
သူတို့ဟာ အားလပ်ရက်ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်းဆီ ခရီးထွက်ခဲ့ကြတာဖြစ်ပြီး ယာဉ်မောင်းဟာ အိပ်ငိုက်နေခဲ့တာဖြစ်နိုင်တယ်လို့ ရဲတွေကတော့ ဆိုပါတယ်။
လက်ရှိမှာတော့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။