Home
မြန်မာသတင်း
ငြိမ်းစုစီဥပဒေသစ် လွှတ်တော်တင်
ရွှေအောင်
·
May 5, 2016
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းအသစ်တခုကို ဒီနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ၂၀၁၁ ငြိမ်းစုစီဥပဒေနဲ့ ၂၀၁၄ ငြိမ်းစုစီပြင်ဆင်ချက် ဥပဒေ ၂ ခုစလုံးကို လွှမ်းခြုံပယ်ဖျက်ပြီး အခု ဥပဒေကြမ်းကို တင်တာဖြစ်တယ်လို့ လွှတ်တော်မှာ ပြောသွားပါတယ်။ “၂၀၁၁ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅ အဖြစ် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေဆိုတဲ့အမည်နဲ့ ပြဌာန်းခဲ့ပါတယ်။ အဲ့ဒီဥပဒေမှာ ခွင့်ပြုမိန့် ရယူဖို့ လိုအပ်ပါတယ်။ ခွင့်ပြုမိန့်ရယူဖို့ဆိုတဲ့နေရာမှာ ခွင့်ပြုချက်လို့ ပြောင်းလဲပြီးတော့ ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆ နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ဥပဒေကိုလည်း ပြဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ဥပဒေ ကတော့ အဲ့ဒီဥပဒေ ၂ ရပ်လုံးကို လွှမ်းခြုံပယ်ဖျက်ပြီးတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ဒီဥပဒေကို တင်သွင်းရခြင်း ဖြစ်ပါတယ်။” ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့ နိုင်ငံသားတို့ ရပိုင်ခွင့်နဲ့အညီ ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒေါက်တာမြတ်ဉာဏစိုးတင်သွင်းတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးက ထောက်ခံပြီး လွှတ်တော်ထဲမှာ ကန့်ကွက်သူလဲ မရှိတာကြောင့် လွှတ်တော်မှာ ဆက်လက် ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခု အသစ်တင်တဲ့ ငြိမ်းစုစီဥပဒေကြမ်းမှာ ဥပဒေနာမည်ကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေလို့ အမည်ပြောင်းလိုက်ပါတယ်။ တခါ ဥပဒေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာလည်း ခွင့်ပြုမိန့် ခွင့်ပြုချက်ဆိုတဲ့နေရာမှာ အသိပေး တင်ပြချက်လို့ ပြောင်းလဲထားပါတယ်။ ဒီဥပဒေနဲ့ ငြိစွန်းလို့ တရားစွဲဆိုရင်လည်း ၁၅ ရက်အတွင်း စွဲဆိုရမှာဖြစ်သလို ပြစ်မှု ကျုးလွန်တဲ့ နေရာရှိ တရားရုံးတခုမှာပဲ တရားစွဲရမယ်လို့လည်း ဖော်ပြပါရှိပါတယ်။ အရင် ရှိပြီးသား ငြိမ်းစုစီဥပဒေကို ပြင်ဆင်ရေးဆွဲရင် ရှုပ်ထွေးမှုတွေ ရှိနိုင်တဲ့အတွက် အခုလို ဥပဒေကြမ်းအသစ်တခု တင်ရတာဖြစ်တယ်လို့လည်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူးက လွှတ်တော်ထဲ ရှင်းပြခဲ့ပါတယ်။ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းထွန်းကတော့ ငြိမ်းစုစီဥပဒေဆိုတာ မရှိသင့်ဘဲ ဖျက်သိမ်းသင့်တယ်လို့ ပြောပါတယ်။ “မရှိသင့်ဘူးထင်တယ်ဗျ။ ဖျက်သိမ်းပစ်လိုက်ရမှာ၊ ဘာလို့လဲဆိုတော့ တကယ်တမ်း စီတန်း လှည့်လည်စုဝေးခွင့် ရှိရမယ်။ အဲ့ဒီမှာ မလိုလားအပ်တဲ့ လူမျိုးရေးဘာသာရေး မုန်းတီးအောင် ဆန္ဒပြတာမျိုး ပါလာရင်တော့ ကျန်တဲ့ တည်ဆဲဥပဒေနဲ့ အရေးယူလို့ ရတယ်ဗျ။ ကျနော် တယောက်ထဲအမြင်တော့ ဒါကို သီးခြား ပြဌာန်းဖို့ မလိုဘူးလို့ ထင်တယ်။” အမျိုးသားလွှတ်တော်မှာ ဒီနေ့တင်သွင်းလိုက်တဲ့ ငြိမ်းစုစီဥပဒေကြမ်းကို လွှတ်တော်တွင်း ဆက်ဆွေးနွေးကြပြီး အတည်ဖြစ်ရင် ပြည်သူ့လွှတ်တော်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်မှာ အတည်ဖြစ်ရင် ဥပဒေအသစ်တခုအဖြစ် ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024