ဒရုန်းယာဉ်ဖြင့် တူနာငါးကြီးကို ဖမ်းပြ (ရုပ်သံ)
1.9K
ဒရုန်းယာဉ်အသုံးပြုပြီး တူနာငါးမျှားတာဟာ အနာဂတ်ကာလမှာ စိတ်အပန်းဖြေ အားကစားနည်းတခု ဖြစ်လာနိုင်လိမ့်မလား။
သြစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်မှ ငါးဖမ်းသမားတွေဖြစ်ကြတဲ့ ဂျေဒင် မက်က်လီယန်နဲ့ ဘိုင်ရွန် လီရဲလ်တို့ကတော့ ဒရုန်းယာဉ်အသုံးပြုကာ တူနာ ငါးတကောင်ကို ဖမ်းပြနိုင်ခဲ့ပါပြီ။
သူတို့ဟာ ငါးစာကို မောင်းသူမဲ့ ဒရုန်းယာဉ်ပေါ်ကနေ ပစ်ချပေးပြီး အစာကိုလာဟပ်တဲ့ အလေးချိန် ၂၀ ကီလိုဂရမ်ရှိတဲ့ တူနာငါးတကောင်ကို ရေထဲမှ ဆွဲတင်ပြီး မျှားခဲ့ကြတာပါ။
မေရာသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့အသုံးပြုတဲ့ ဆန်းသစ်တဲ့ နည်းပညာသုံးတဲ့ ဒီငါးမျှားခြင်းဟာ မူလပုံစံကနေ ကွဲပြားတဲ့ စွန့်ဦးပုံစံတမျိုး ဖြစ်တယ်လို့ ဖော်ပြလိုက်တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဂျေဒင်က ယူကျုဘ်အင်တာနက်စာမျက်နှာပေါ် မျှဝေခဲ့ချိန်မှာတော့ ဒါဟာ ငါးမျှားခြင်းအတွက် ပြောင်းလဲလာတဲ့ နည်းပညာတခုအဖြစ် သတိထားမိခဲ့ကြပါတယ်။
ငါးဖမ်းသမားတွေအတွက် ကြီးမာရှည်လျားတဲ့ ဆူးတောင်တွေရှိတဲ့ တူနာငါးတွေ ဖမ်းမိဖို့ဟာ ပန်းတိုင်တခုဖြစ်ပြီး ခုလို ဒရုန်းယာဉ်နည်းပညာအသုံးပြုပြီး ဖမ်းနိုင်လိမ့်မယ်လို့တော့ တွဲဖက်စဉ်းစားမိကြမယ်မထင်ပါဘူး။
ခုတော့ တကယ့်ကိုပဲ ဒရုန်းယာဉ်ပေါ်မှ ငါးစာပစ်ချကာ အနက်မီတာ ၃၅၀ နီးပါး ရေအောက်မှ တူနာငါးကြီးကို ဖမ်းပြနိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါလိမ့်မယ်။