Home
သုံးသပျခကျြ
အစိုးရသက်တမ်း ၅ နှစ်အတွင်း ငြိမ်းချမ်းရေး ဘယ်လောက်ဖော်ဆောင်နိုင်မလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
May 5, 2016
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအဆင့်မှာရှိတဲ့ ပစ်ခတ်ရပ်စဲရေးစာချုပ် ပူးတွဲစောင့်ကြည့်ရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးစတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ခြေလှမ်းလို့လည်း ပြောရမှာ ဖြစ်ပါတယ်။ အဲတော့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ထွက်လာတဲ့ အကြောင်းအရာတွေက အများကြီးရှိပါတယ်။ အဲဒီထဲမှာ ဝေဖန်သုံးသပ်မှုတွေ ရှိနေတာလည်း တွေ့ရပါတယ်။ အစိုးရသစ်အနေနဲ့ လာမယ့်သက်တမ်း ၅ နှစ်တာ ကာလအတွင်းမှာ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်ထိ ဖော်ဆောင်နိုင်မလဲ။ ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိကကျတဲ့ နေရာမှာရှိနေတဲ့ တပ်ရဲ့သဘောထားက ဘယ်လိုလဲ။ တဘက်ကလည်း လက်နက်ကိုင်အဖွဲ့အစည်း အနေအထားက ဘယ်လိုလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ အယ်ဒီတာစကားဝိုင်းမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီစကားဝိုင်းအတွက် ဆွေးနွေးဖို့ ဖိတ်ကြားထားတဲ့ သူတွေကတော့ Voice ဂျာနယ်ရဲ့ ဒု-အယ်ဒီတာချုပ် ကိုဇေယျသူနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ပဲ ဖြစ်ပါတယ်။ ဦးခင်သန်း (ဒီဗွီဘီ) "ဧပြီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ JMC အဖွဲ့နဲ့  တွေ့ခဲ့တယ်။ အဲဒီမှာ ဒေါ်စုက လာမယ့် တလနှစ်လအတွင်းမှာ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပမယ်ပေါ့။ သူ့စကားအရဆိုရင်တော့ ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံပေါ့။ ပထမတော့ မျှော်မှန်းနေကြတာ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ အရမ်းကို ရှည်လျားတယ်။ သဘောတူညီချက် တော်တော်များများရှိတယ်၊ အဆင့်တွေ အများကြီးရှိတယ်။ နှစ်နဲ့ချီပြီးတောင် အစက ကျနော်တို့ ခန့်မှန်းခဲ့သေးတယ်။ အခု တလနှစ်လအတွင်းမှာ လုပ်မယ်ဆိုတော့ ကိုဇေယျသူ ဒါက လက်တွေ့ကျပါ့မလား၊ တကယ်ဖြစ်နိုင်ပါ့မလား၊ ဘာတွေစိန်ခေါ်မှုတွေရှိလဲ။" ကိုဇေယျသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) "တလနှစ်လအတွင်းလုပ်မယ်ဆိုတာ သူ့ရဲ့ စိတ်အားထက်သန်မှုပေါ့။ တလနှစ်လအတွင်း သူက လုပ်ချင်တယ်၊ ငြိမ်းချမ်းရေးကို သူက မြန်မြန်စလိုက်ချင်တယ်ပေါ့။ ရွေးကောက်ပွဲအပြီးမှာ ပြောခဲ့တဲ့ စကားတွေကလည်း ငြိမ်းချမ်းရေးကို အထူးသဖြင့် တပတ်နှစ်ပတ်အတွင်းမှာ ငြိမ်းချမ်းရေး ဦးစားပေးလုပ်မယ်ဆိုပြီး ပြောထားတာ။ အဲဒီဟာကို ပြောတာဖြစ်မယ်။ နောက်တခုကတော့ Logistics ပိုင်းပေါ့။ ဒီဟာတွေ ပြင်ရဆင်ရတာ အဲဒါကတော့ တလနှစ်လနဲ့ ကျနော့်အမြင်တော့ သိပ်မလွယ်ဘူး။ ဘာလို့လဲဆိုတော့ အခုဟာက လုပ်ရကိုင်ရမှာတွေလည်း အများကြီးပဲ။ ငြိမ်းချမ်းရေးကလည်း လက်မှတ်ထိုးထားတာရှိတယ်၊ မထိုးထားတာ ရှိတယ်။ နောက်ပြီးတော့ အရင်အစိုးရ ဆက်တင်နဲ့ ငြိမ်းချမ်းရေးညီလာခံတခု လုပ်ခဲ့ပေမယ့် အခုကျတော့ အစိုးရပြောင်းသွားတဲ့ အခါကျတော့ ပါဝင်ပတ်သက်တဲ့ သူတွေကလည်း အယူအဆတွေ၊ ဒါကို ချဉ်းကပ်မယ့် ဟာတွေကလည်း ပြောင်းသွားစရာတော့ရှိတယ်။ အဲဒီအခါကျတော့ ကျနော့်အနေနဲ့ တလနှစ်လနဲ့လုပ်မယ် ဆိုတာကတော့ စိတ်အားထက်သန်မှုကိုပြောတာ ဖြစ်တဲ့အတွက် သဘောကျတယ်။ ဒါပေမယ့် တဘက်မှာကျတော့ ဒါကိုစီစဉ်ဖို့၊ အသေးစိတ် အဲဒါတွေကတော့ လက်တွေ့မှာ တော်တော်တော့ ခက်ခက်ခဲခဲ လုပ်ရမယ်။" ဦးခင်သန်း (ဒီဗွီဘီ) "အစိုးရသစ် တက်လာကတည်းက ရွေးကောက်ပွဲကာလမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ထိပ်ဆုံးမှာထားပြီးတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုပြီးတော့ ကြွေးကြော်ပြီးတော့ ရွေးကောက်ပွဲဝင်ခဲ့တာပေါ့။ နိုင်လည်းနိုင်ခဲ့တယ်။ ဒါပေမယ့် နည်းနည်း နှုတ်ဆိတ်နေတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အခုချိန်မှာ မနေ့ကမှ စတာပေါ့နော်။ အစိုးရသစ်ကာလလည်း အခုဆို တလတော့ ပြည့်ပြီပေါ့။ ဒါပေမယ့် အစိုးရသစ်ကနေပြီးတော့ ရှေ့သွားမယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ မူဝါဒတွေ၊ ဖွဲ့စည်းမှုတွေ၊ စုဖွဲ့မှုတွေ ခုချိန်ထိ ဘာမှမလုပ်သေးဘူး။ ဒါနဲ့ပတ်သက်ပြီး ဆရာရန်မျိုးသိမ်း အဲဒါက ဘာလို့ဖြစ်နေတာလဲ။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) "ကျနော့်အမြင်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ရဲ့ သီးခြားစီမံချက် ရှိနိုင်တယ်လို့ ကျနော်ထင်တယ်။ သူ့စီမံချက်အတိုင်း အကောင်အထည်ဖော်ဖို့ကို သူ စဉ်းစားတယ်လို့ ကျနော်နားလည်တယ်။" ဦးခင်သန်း (ဒီဗွီဘီ) "ဒါဆိုရင် အဲဒီစီမံချက်ကို ပြည်သူလူထုကို၊ အဖွဲ့အစည်းတွေကို ချပြဖို့ မလိုအပ်ဘူးလား။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) "ကျနော့်အမြင်အားဖြင့် ဒီစီမံချက်ကို သူ့အနေနဲ့ ကာလတခုရောက်ရင်တော့ သူ ချပြဖို့ လိုအပ်မယ်လို့ မြင်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ သူ့အနေနဲ့က ပြင်ဆင်နေတဲ့ကာလ ဖြစ်တဲ့အတွက် ကျနော့်အမြင်အားဖြင့် နည်းနည်းကွာဟမှုလေးတွေ ဖြစ်တာလို့ ကျနော်နားလည်တယ်။ ဒါပေမယ့် ခုနက ဆွေးနွေးတဲ့အပိုင်းမှာ တလနှစ်လအတွင်း လုပ်ဖို့ဆိုတာ တကယ်တမ်းအားဖြင့်တော့ တော်တော်ကြီးကို ခဲယဉ်းပါတယ်။ တချက်တော့ ကျနော်သွားမြင်တယ်။ တလနှစ်လအတွင်း လုပ်နိုင်ဖို့ဆိုရင် ပထမဆုံး အစိုးရနဲ့ တပ်မတော်နဲ့ ညှိနှိုင်းပြီးတော့ တဘက်သတ် အပစ်အခတ်ရပ်စဲရေးကို တနိုင်ငံလုံး ကြေညာလိုက်။ ကြေညာလိုက်ရင် ကျနော်တို့ အန်စီအေကို လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကလည်း ဒီ တဘက်သတ် အပစ်အခတ်ရပ်စဲရေးမှာ အကျုံးဝင်သွားမှာ ဖြစ်တဲ့အတွက် ခုန်ပျံကျော်လွှားပြီးတော့ ငြိမ်းချမ်းရေးညီလာခံမှာ အားလုံးပါဝင်နိုင်တဲ့ ဒုတိယပင်လုံညီလာခံ၊ ဒါမှမဟုတ်လည်း ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်လာနိုင်တယ်။ အဲလို တဘက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာနိုင်ဖို့ဆိုရင် ကျနော့်အမြင်အားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရနဲ့ တပ်မတော်ကြားမှာ ယုံကြည်မှု၊ နားလည်မှုရှိရှိနဲ့ ကျေကျေလည်လည် ညှိနှိုင်းဆွေးနွေးနိုင်ဖို့က အရေးကြီးတယ်လို့ ကျနော်က သုံးသပ်တယ်။" ဦးခင်သန်း (ဒီဗွီဘီ) "အဲတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပေါ့ တပ်က အခန်းကဏ္ဍကလည်း သိတဲ့အတိုင်းပဲလေ။ အကုန်လုံးက အရေးပါတာပဲ။ ဒါပေမယ့် အစိုးရကနေပြီး တနိုင်ငံလုံး တဘက်သတ် အပစ်အခတ်ရပ်စဲရေးကို တပ်က အဲလိုမျိုး လိုက်လုပ်နိုင်ပါ့မလား။ လက်ရှိအနေအထားအရ။" ကိုဇေယျသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) "ကျနော့်အမြင်ကတော့ ဘယ်လိုလုပ်မလဲပေါ့၊ ငြိမ်းချမ်းရေးညီလာခံကတော့ ပြောလိုက်တယ်၊ ဒုတိယပင်လုံလို့ ပြောလိုက်တယ်။ ပထမပင်လုံမှာတုန်းကလည်း အခက်အခဲတွေ အများကြီးရှိခဲ့တာပဲ။ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က လုပ်ခဲ့တော့။ သူ့မှာလည်း ကျနော်တို့ကြုံခဲ့တဲ့ အခက်အခဲထက် မနိမ့်တဲ့ အခက်အခဲပေါ့ ကြုံခဲ့ရတယ်။ အဲဒီအခါကျတော့ ဒုတိယပင်လုံညီလာခံဆိုတာ ဘယ်လိုဟာမျိုးလဲပေါ့။ အရင်အစိုးရဆိုရင်တော့ အကုန်လုံး ပါဝင်ရမယ်။ ဒါက ကောင်းတာလည်းရှိတယ်၊ အားနည်းချက်ကလည်း ရှိတယ်။ အဲဒီအခါကျတော့ ဒုတိယပင်လုံဆိုတာ ဘယ်လိုဟာမျိုးလဲပေါ့။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယေဘုယျပြောသွားတာလို့ ကျနော်ထင်တယ်။ နောက်တခုက ဘာလဲဆိုတော့ အဲဒီ ပင်လုံညီလာခံလုပ်ဖြစ်ရင် တပ်ရော အစိုးရသစ်ရော၊ လွှတ်တော်ရော အစိုးရအဖွဲ့ရော၊ တိုက်ပွဲဖြစ်နေတဲ့၊ တိုက်ပွဲမဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရော သူတို့အားလုံးက ညှိဖို့ဆိုတာ ဒီပင်လုံညီလာခံထဲမှာ ထည့်လိုက်တော့မှ ဖြစ်သွားမှာမျိုးလည်း ဖြစ်နိုင်တယ်။ မေးခွန်းကတော့ ခုနလိုမျိုး အရင်အပြင်မှာ ဒီညီလာခံဖြစ်အောင် ကြိုညှိမလား၊ ဒါမှမဟုတ် ဒီညီလာခံကပဲ အဲလိုညှိဖြစ်အောင် လုပ်သွားမလားပေါ့။ ဘယ်ဟာက အရင်လာမလဲ မသိဘူး။ အဲဒါလေးကတော့ စိတ်ဝင်စားစရာ ကောင်းနေတယ်ပေါ့။" ဦးခင်သန်း (ဒီဗွီဘီ) "ပြီးခဲ့တဲ့ဖြစ်စဉ် ကြည့်လိုက်မယ်ဆိုရင် အရင်ကြိုညှိတယ်ပေါ့။ ကြိုညှိပြီးမှ မူဘောင်ဆွဲ၊ ဆွဲပြီးတော့မှ အဲဒီ Time Frame အတိုင်း သွားတာပေါ့နော်။ ဒါပေမယ့် အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ယူအန်အက်ဖ်စီမှာလည်း တဖွဲ့၊ ဒီဘက်ကလည်း လက်မှတ်ထိုးပြီးသားတဖွဲ့ ရှိတယ်။ ပြီးတော့ မြောက်ပိုင်းက မထိုးသေးတဲ့ အဖွဲ့တွေလည်း ရှိတယ်။ နောက်တခုက ‘၀’ လို အဖွဲ့မျိုးတွေလည်း ရှိနေပြန်သေးတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ အနေနဲ့ပေါ့ ဒီတိုင်းရင်းသားတွေကို အကုန်လုံး သိမ်းကြုံးပြီး ပါလာအောင် တကယ်တမ်း ဆွဲဆောင်နိုင်ပါ့မလား၊ ဘယ်လိုနည်းဗျူဟာတွေ ကျင့်သုံးပြီးတော့ လုပ်နိုင်မယ်လို့ ထင်ပါသလဲ။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) "ကျနော့်အမြင်ကတော့ အဲဒါ တော်တော်လေးတော့ စိန်ခေါ်မှုတော့ တော်တော်မြင့်မားတယ်။ ဘာလို့လဲဆိုတော့ ဖြစ်လာတဲ့ ပြည်တွင်းစစ်ကလည်း နှစ်ပေါင်း ၆၀ နီးနီးလောက် ကာလကလည်းရှည်ပြီ၊ ပြဿနာတွေကလည်းပဲ ရှင်းရှင်းပြောရရင် နှစ်ပေါင်း ၆၀ အတွင်းမှာ ကျနော်တို့က ထိထိရောက်ရောက်နဲ့ အဖြေထွက်လောက်တဲ့အထိကို ကိုင်တွယ်ခဲ့တာမျိုးက အရမ်းကို အားနည်းတယ်။ အဲဒီအခါကျတော့ လက်ရှိအခြေအနေကျမှ ဒီပြဿနာတွေကို ကိုင်တွယ်ရမယ့် အနေအထား ဖြစ်တဲ့အခါကျတော့၊ အားသာချက်တခုကတော့ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ လက်ရှိ အပစ်အခတ်ရပ်စဲရေး အန်စီအေကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ မရေးထိုးရသေးတဲ့ အဖွဲ့တွေရော ဒီအဖွဲ့နှစ်ခုလုံးက ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ယုံကြည်မှုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်းလိုပဲ တန်ဖိုးထားတယ်။ အဲဒီအခါကျတော့ အဲဒါဟာ ကျနော်တို့ လက်ရှိအခြေအနေမှာရှိနေတဲ့ ကြီးမားတဲ့ အားသာချက်ကြီးတခုလို့ ကျနော်ကမြင်တယ်။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရောကို ထိတွေ့နိုင်ဖို့ လိုအပ်တယ်လို့ ကျနော်က သုံးသပ်တယ်။ "ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားထဲမှာ ကျနော် နည်းနည်းလေး နားမလည်တာက၊ နောက် ဘ၀င်နည်းနည်းလေးမကျတာက သူက အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တပြိုင်တည်းလုပ်မယ်လို့ ပြောတယ်။ သူက မျဉ်းပြိုင်လိုသွားမယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော့်အမြင်အားဖြင့် မျဉ်းပြိုင်လိုသွားမယ်ဆိုရင် တဘက်က ဘာရှိလဲဆိုတော့ ဒီ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက သွားနေတဲ့ ပြည်ထောင်စုညီလာခံမှာ တက်နိုင်မှာ မဟုတ်ဘူး။ သူတို့ လက်မှတ်ထိုးပြီးမှ တက်နိုင်မယ်ဆိုရင် မူလလုပ်ထားတဲ့ ပြည်ထောင်စုညီလာခံရဲ့ သဘောတူညီချက်တွေ၊ မူတွေ အပေါ်မှာ သဘောတူနိုင်ပါ့မလားဆိုတဲ့ အနေအထားမျိုးရှိတယ်။ အဲတော့ ကျနော့်အယူအဆအားဖြင့်တော့ အကောင်းဆုံးနည်းလမ်းကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်။ ပြီးတာနဲ့ ကျနော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုသွား။ နောက် နည်းလမ်းတခုကတော့ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကြေလည်မှုရတဲ့အထိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ညှိနှိုင်း။ ညှိနှိုင်းပြီးတော့ အန်စီအေကို အားလုံး လက်မှတ်ရေးထိုးနိုင်တဲ့ အနေအထားတခုကို တည်ဆောက်။ ပြီးတော့မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုသွား။ အဲဒီနည်းလမ်း ၂ ခုတော့ ကျနော် အခုလောလောဆယ် တွေ့မိတယ်ဗျ။" ဦးခင်သန်း (ဒီဗွီဘီ) "ခုနက ဆရာပြောတဲ့အထဲမှာ ပါတယ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တယ်။ ဟိုခေတ်ကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်လို့ လုပ်ခဲ့တာပေါ့။ တခါတလေကျတော့ တိုင်းရင်းသားလက်နက်ကိုင် တချို့ဆီက ပြန်ကြားရတာရှိတယ်။ သူတို့လူမျိုးအနေနဲ့ ဗိုလ်ချုပ်ကို ယုံကြည်လို့ ပင်လုံမှာ ထိုးခဲ့တာပဲ။ ဗိုလ်ချုပ်မရှိတဲ့ အခါကျတော့ သူတို့ရဲ့ အဟောသိကံ ဖြစ်သွားတယ်ပေါ့။ အခုက ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ယုံတယ်ဆိုတာ ဘာမှငြင်းစရာမရှိဘူး။ ဒါပေမယ့် ဒါ ကျနော်တို့က လူအပေါ်မှာ အခြေခံရမှာလား၊ မူအပေါ်မှာ အခြေခံရမှာလားဆိုတာ ကျနော်တို့ စဉ်းစားစရာဖြစ်တယ်လေ။ အဲတော့ ကိုဇေယျသူအနေနဲ့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။" ကိုဇေယျသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) "မြန်မာပြည်ကတော့ ကျနော်တို့ဆီမှာ အင်စတီကျူးရှင်းတွေ သိပ်မကောင်းသေးဘူး။ လွှတ်တော်ဆိုလည်း အသစ်ပေါ့။ တခြား အင်စတီကျူးရှင်းတွေလည်း သိပ်အားမကောင်းသေးဘူး။ အဲဒီအခါကျတော့ ကျနော်တို့က ဘယ်အပေါ်ကို ကြည့်ကြလဲဆိုရင် လူပုဂ္ဂိုလ်ပေါ့၊ လူပုဂ္ဂိုလ်အပေါ် ကြည့်လေ့ရှိတယ်။ ဒီပုဂ္ဂိုလ်ကို ကြိုက်ရင်မဲပေးမယ်၊ မကြိုက်ရင် မဲမပေးဘူးပေါ့။ ကျနော်တို့ လွှတ်တော်အမတ်တွေ အများကြီးရလာတယ် ဆိုတာကလည်း သေတဲ့သူတောင်မှ ဒေါ်အောင်ဆန်းစုကြည် မျက်နှာနဲ့မို့၊ သေတဲ့သူက ဘယ်လိုမှ မဲဆွယ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ရလာတယ်ဆိုတော့ ဒါ ပုဂ္ဂိုလ်ပေါ့၊ Trust က တအားကြီးတယ်ပေါ့။ ကျနော့်အမြင်အရတော့ ဒါက အခွင့်အရေး၊ အခွင့်အရေးအဖြစ်နဲ့ ဒါကို သုံးလိုက်။ သုံးမယ်ဆိုရင် ခုနကလိုမျိုး နှစ် ၇၀ လောက် အတွေ့အကြုံရှိလာတဲ့လူတွေ အနေနဲ့ကျတော့ သူက အင်စတီကျူးရှင်းပေါ်မှာလည်း ကြည့်လိမ့်မယ်။ သူတို့ယုံခဲ့တဲ့ပုဂ္ဂိုလ် မရှိတော့ရင်၊ ဒါမှမဟုတ် စိတ်ပြောင်းသွားရင် ဒါက ဘာအပေါ်ကို ယုံရမလဲပေါ့။ အဲဒါကျတော့ ကျနော့်အမြင်ကတော့ ရေရှည်ယုံကြည်လာဖို့ကျတော့ အင်စတီကျူးရှင်းတွေကနေ သွားဖို့လိုတယ်။ "အခုဆိုရင် ကျနော်တို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာပေါ့။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပြန်ပြင်ချင်တာလဲဆိုရင် သူက ပြန်လည်ရင်ကြားစေ့ရေးအတွက်ပါ သုံးချင်တယ်လို့ပြောတယ်။ အဲဒီတော့ ကျနော်တို့မြင်တာတော့ သူက ကျနော်တို့ကြားထဲမှာ လွတ်နေတဲ့ အရပ်ဘက်နဲ့ တပ်ဘက်ဆက်ဆံရေး၊ နောက်တခုကတော့ တိုင်းရင်းသားအချင်းချင်း အရင်ကထက်ပိုပြီး စည်းလုံးလာအောင် အဲဒါမျိုးတွေကို သူက ကျယ်ကျယ်ပြန့်ပြန့် သွားချင်ပုံရတယ်။ ကျနော့်အမြင်က ညီလာခံကတော့ ခုနလိုမျိုး လုပ်လိုက်မယ်ဆိုတာ ကောင်းတယ်။ ဒါပေမယ့် ညီလာခံလုပ်လိုက်ရုံနဲ့တော့ အားလုံးက အဆင်ပြေသွားမှာ မဟုတ်ဘူး။ ညီလာခံမတိုင်ခင် ၁ လ၊ ၂ လနဲ့ ပြီးတယ်ဆိုရင်လည်း ပြီးသွားတဲ့အခါကျရင်လည်း ဆက်ပြီး ဘယ်လိုဆောက်မလဲ။ ဒါပေမယ့် တလနှစ်လနဲ့မဖြစ်ဘူး၊ စဉ်းစားရဦးမယ်၊ ဆုံးဖြတ်ရဦးမယ်ဆိုရင် အဲဒီအချိန်အတွင်းမှာပဲ ညီလာခံကြီး စတဲ့အချိန်မှာပဲ ဒီပြဿနာတွေကို အကုန်လုံး စင်ပေါ်မှာတင်ပြီး ဆွေးနွေးလို့ရအောင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ကျနော့်အမြင်ကတော့ ပုဂ္ဂိုလ်ပေါ် ယုံကြည်မှုကို အခြေခံပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်းကြားရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား၊ တပ်မတော်နဲ့ အစိုးရ ပြည်သူကြား ဆက်ဆံရေးကောင်းလာအောင်၊ ယုံကြည်မှုတက်လာအောင် ဘယ်လိုလုပ်မလဲပေါ့။ ခုကျတော့ ဆွေးနွေးတာက တယောက်နဲ့တယောက်က ယုံကြည်မှု မရှိတဲ့အခါကျတော့ မျက်နှာလွှဲသွားရင် ဘာဖြစ်မလဲဆိုတဲ့ ဟာဘက်ကို ကျနော်တို့က ရောက်နေတယ်။ အဲဒါလေး မြင်ပါတယ်။" ဦးခင်သန်း (ဒီဗွီဘီ) "အခုက ဒီဖြစ်စဉ်မှာကြည့်လိုက်ရင် အခုလည်း ဆွေးနွေးကြတာပဲ။ ဒါပေမယ့် စဉ်းစားစရာရှိတာက တပ်ရဲ့သဘောထား။ တချို့ သဘောတူညီချက်တွေမှာပေါ့၊ ဒါ ဒေါ်စုကတော့ ဒီ တလနှစ်လလုပ်မယ်လို့ပြောတယ်။ တကယ်လို့များ တချို့သဘောတူညီချက်မှာ တပ်က သဘောမတူဘူးဆိုပါစို့။ အခုလည်း သိတဲ့အတိုင်းပဲလေ။ ကြီးကြီးမားမားကအစ သေးသေးဖွဲဖွဲထိ ပွတ်တိုက်မှုတွေ တချိန်လုံး အစိုးရသစ်နဲ့ တပ်ကြားမှာ ကျနော်တို့ တွေ့နေရတာပဲ။ အဲတော့ ဆရာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပေါ့ တပ်ရဲ့သဘောထားက ဒီတိုင်းပဲ ဆက်သွားရင် ဘယ်လိုလုပ်မလဲ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဒါမှမဟုတ် တပ်ရဲ့သဘောထားကရော ကမ်းလာလိမ့်မယ်လို့ ဆရာယုံကြည်လား။ အဓိက ကျနော်ပြောချင်တာက ခုနောက်ပိုင်းမှာ နည်းနည်းတင်လာတာက တပ်က ငြိမ်းချမ်းရေးမူ ၆ ချက်ဆိုပြီး၊ နံပါတ် ၆ အချက်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အတူလိုက်ပါနိုင်ရေးဆိုတဲ့ဟာက တကယ့်ကို ဒါ ငြင်းခုံစရာ၊ ဝေဖန်စရာလည်းရှိတယ်။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) "တပ်ရဲ့မူဝါဒ ၆ ချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လိုက်ပါနိုင်ရေးဆိုတဲ့ အချက်က တော်တော်လေး အငြင်းပွားစရာဖြစ်တယ်။ ဘာာဖြစ်လို့လဲဆိုတော့ လက်ရှိအခြေအနေမှာ ကျနော့်အမြင်အားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြောနေတာက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ အဲတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြည့်မယ်ဆိုရင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်ဖို့ အလားအလာ နည်းနေတာကို တွေ့ရတယ်။ အဲဒီအခါကျတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ဒီအတိုင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကို တကယ်ဖော်ဆောင်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်။ ကျနော့်အမြင်အားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ တပ်မတော်အနေနဲ့လည်း လိုက်ပါနိုင်ဖို့ လိုအပ်တယ်လို့ ကျနော်ကမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပြောထားတယ်။ တပ်မတော်ဟာ ပြည်သူ့ဆန္ဒကို ရှေ့တန်းတင်ပြီးတော့ လုပ်ဖို့လိုအပ်တယ်။ နောက်ပြီးတော့ တပ်မတော်သားတွေရဲ့ သစ္စာဓိဋ္ဌာန်မှာလည်း ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ အဲတော့ အရေးကြီးတာက ငါ့နိုင်ငံတော်၊ ဒုတိယဟာ ငါ့နိုင်ငံသားဖြစ်ပြီးတော့ တတိယမှသာလျှင် ငါ့တပ်မတော် ဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ တိုင်းပြည်ချွတ်ခြုံကျနေတဲ့ အနေအထားကနေ ရုန်းထနိုင်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို တပ်မတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့အတူ ပြည်သူကို မျက်နှာမူပြီး လိုက်ပါနိုင်ဖို့ လိုအပ်တယ်လို့တော့ ကျနော်က သုံးသပ်ပါတယ်။"

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024