Home
မြန်မာသတင်း
ခရီးသည်တင်ယာဉ်များ အမြန်လမ်းပေါ် သတ်မှတ်နှုန်းထက် ပိုမောင်းနှင်မှု တလအတွင်း အကြိမ် ၁၂၀၀ ကျော်ရှိ
ပိုင်စိုး
·
May 5, 2016
ခရီးသည်တင်ယာဉ်လိုင်း ၇၄ ခုဟာ အမြန်လမ်းမကြီးပေါ်မှာ သတ်မှတ်နှုန်းထက် ပိုမောင်းတာ ပြီးခဲ့တဲ့ ဧပြီလ တလတည်းမှတင် အကြိမ်ပေါင်း ၁၂၀၀ ကျော် ရှိခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ မန်းရာဇာယာဉ်လိုင်းက ၇၇ ကြိမ် သတ်မှတ်နှုန်းထက် ပိုမောင်းခဲ့ပြီး အများဆုံးဖြစ်ပါတယ်။ ရွှေလားရှိုးယာဉ်လိုင်းက ၆၈ ကြိမ်၊ ထွန်းဧရာယာဉ်လိုင်းက ၆၅ ကြိမ်၊ ဝေဖြိုးအောင် ယာဉ်လိုင်းက ၆၁ ကြိမ် စသည်ဖြင့် သတ်မှတ်နှုန်းထက် ပိုမောင်းတဲ့ အကြိမ်ရေ အသီးသီး ရှိခဲ့တာပါ။ ကျန်တဲ့ယာဉ်လိုင်းတွေထဲမှာ တချို့ယာဉ်လိုင်းတွေကတော့ တကြိမ်ပဲ ပိုမောင်းခဲ့ကြပါတယ်။ အမြန်လမ်းပေါ်မှာ မတော်တဆမှုတွေ လျော့နည်းစေဖို့ အရှိန်နှုန်းကို တနာရီ ကီလိုမီတာ ၁၀၀ နှုန်းထက် ပိုမမောင်းဖို့ သတ်မှတ်ပေးထားတာပါ။ ဒါကို စစ်ဆေးစောင့်ကြည့်ဖို့ ကားတွေမှာ Telematic ကိရိယာ တပ်ဆင်ပေးထားပြီး Traffic Information Center က စောင့်ကြည့်နေတာပါ။ သတ်မှတ်နှုန်းထက် ပိုမောင်းတဲ့ ကားတွေကို ၁၀ မိနစ်အထိ စောင့်ကြည့်ပြီး အဲဒီနောက်မှာလည်း အရှိန်မလျှော့ဘူးဆိုရင်တော့ ဖုန်းနဲ့ဆက်သွယ်ပြီး သတိပေးတာတွေ လုပ်ဆောင်ကာ ဒီစနစ်အသုံးပြုပြီးနောက်ပိုင်းမှာ ယာဉ်မတော်တဆမှုတွေ သိသိသာသာ လျော့ကျလာတယ်လို့လည်း ဆိုပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်မှာ တခုအပါအ၀င်ဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကြီး ယာဉ်မတော်တဆဖြစ်ပွားမှု လျှော့ချရေး စီမံချက်ကို ဧပြီ ၃၀ ရက်မှာ စတင်ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024