Home
မြန်မာသတင်း
ဝန်ကြီးဌာနသစ်တခု တိုးချဲ့ဖွဲ့စည်းမည်
DVB
·
May 4, 2016
ပြည်ထောင်စုအစိုးရ၀န်ကြီးဌာန အသစ်တခုကို တိုးချဲ့ဖွဲ့စည်းဖို့ သမ္မတ ဦးထင်ကျော် လက်မှတ်ထိုးပြီး  ပြည်ထောင်စုလွှတ်တော် နာယကထံပေးပို့ထားတယ်လို့  နိုင်ငံတော် သမ္မတရုံးက စုံစမ်းသိရပါတယ်။ အသစ်ဖွဲ့စည်းမယ့် ၀န်ကြီးဌာနဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ၀န်ကြီးဌာန ဖြစ်လိမ့်မယ်လို့ အန်အယ်လ်ဒီသတင်းရင်းမြစ်ကို ကိုးကားထားတဲ့ သတင်းတွေထွက်နေပေမယ့် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ၀န်ကြီးဌာနအမည်ကို ကြိုပြောလို့ မသင့်သေးဘူးလို့ ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့ ၀န်ကြီးဌာန အသစ်ဖွဲ့စည်းဖို့ သမ္မတကြီးလက်မှတ်ထိုးပြီးတော့  ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ထားတယ်ပေါ့၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ ဆက်ပြီးတော့ ဆွေးနွေးတာ အတည်ပြုတာလုပ်မှာပေါ့၊ လွှတ်တော်မှာ မဆွေးနွေးခင်မှာ ကျနော်တို့က ကြိုပြီးတော့ပြောဖို့ မသင့်သေးဘူး၊ လွှတ်တော်ကို ကျော်သလိုဖြစ်လိမ့်မယ်၊ လွှတ်တော်က ဆွေးနွေးတာတွေ အတည်ပြုတာတွေ လုပ်ပါလိမ့်မယ်။” မနက်ဖြန် မေ ၅ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ်တွေထဲမှာတော့ နိုင်ငံတော်သမ္မတထံမှပေးပို့ထားတဲ့ ၀န်ကြီးဌာနတခုထပ်မံဖွဲ့စည်းဖို့ကိစ္စနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ကို တင်ပြဖို့ အစီအစဉ်ပါရှိပါတယ်။ အရင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနပေါင်း ၃၆ ဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးပေါင်း ၉၀ ကျော်ထားရှိရာက လက်ရှိ ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်လက်ထက်မှာ အစိုးရဝန်ကြီးဌာန ၂၁ ခုပဲ ထားရှိတော့တာဖြစ်ပြီး အသစ်တခု ထပ်တိုးလိုက်ပါက ၀န်ကြီးဌာနပေါင်း ၂၂ ခုရှိလာမှာပါ။ လျော့နည်းသွားတဲ့ ၀န်ကြီးတွေရဲ့ လစာငွေနဲ့ အဆောင်အယောင် အသုံးစရိတ်ဟာ အစိုးရ ငါးနှစ်သက်တမ်းအတွင်း ကျပ်သန်းပေါင်းငါးထောင်လောက် နိုင်ငံအတွက် ခြိုးခြံချွေတာပြီး ဖြစ်ပါလိမ့်မယ်လို့ ပြီးခဲ့တဲ့ မတ်လ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ဦးထင်ကျော်က ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024