Home
မေးမြန်းခန်း
မြိုင်ကြီးငူဆရာတော်က သံဃမဟာနာယကရဲ့အောက်မှာ မရှိလို့ ကိုင်တွယ်မရဘူး
နော်နိုရင်း
·
May 4, 2016
ဧပြီ ၂၃ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာရှိ ရှင်မာကု အင်္ဂလိကန် ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းမှာ နေ့ချင်းပြီး စေတီတည်ခဲ့ကြတဲ့ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးဆောင်တဲ့  လူအုပ်စုဟာ အဆိုပါဝင်းအတွင်းမှာ အဆောက်အဦတွေ ထပ်မံဆောက်လုပ်နေ ကြပါတယ်။ မေလ ၂ ရက်နေ့ ညနေ ၅ နာရီလောက်ကစပြီး မြိုင်ကြီးငူ ဆရာတော်နဲ့ လူသုံးလေးရာလောက် ထပ်မံလာရောက်ခဲ့ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်း မြေညှိခဲ့ကြကြောင်းနဲ့ မေလ ၃ ရက်နေ့မှာတော့ ဖောင်ဒေးရှင်းချ၊ ပရိတ်ရွတ်ပြီး အဆောက်အဦ ဆောက်လုပ်ခဲ့ကြလို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။ မြိုင်ကြီးငူဆရာတော်ဟာ ခရစ်ယာန်ဘုရားကျောင်းဝင်းတွင်း စေတီတည်အပြီး ရက်အနည်းငယ်အကြာမှာ မွတ်လင်ဗလီနဲ့ ကပ်လျက်လမ်းငယ်ပေါ်မှာ စေတီတဆူ တည်ခဲ့ရာမှာ လက်နက်ကိုင် အဖွဲ့အစည်းတချို့ကပါ ကူညီစောင့်ရှောက်တာကို ရွာသားတွေက ပြောပြပါတယ်။ ဒီဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ကရင့်ရေးရာကော်မီတီ အတွင်းရေးမှူး ဦးစောကျော်စွာကို မေးမြန်းကြည့်ရမှာတော့ ငြိမ်းချမ်းရေးမပျက်အောင် မေတ္တာနဲ့ပဲ ဖြေရှင်းရမယ်လို့ ပြောပါတယ်။ ဦးစောကျော်စွာကို ဒီဗွီဘီက ဆက်သွယ်  မေးမြန်းထားပါတယ်။ ကွမ်းတောက ခရစ်ယာန်ဘုရားကျောင်းမှာ မြိုင်ကြီးငူဆရာတော်က စေတီတည်တယ်။ အခုတခါ နောက်ထပ်အဆောက်အဦကို တည်ဆောက်နေတယ်ပေါ့နော်။ စောကျော်စွာတို့ ကရင့်ရေးရာ ကော်မီတီအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးတာမျိုးတွေရှိလဲ။ “ဒီကိစ္စမဖြစ်ခင်ကတည်းက ကျနော်တို့က ဘာသာပေါင်းစုံခေါင်းဆောင်တွေ အစည်းအဝေး ခေါ်ပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့  ဖွဲ့ထားတဲ့အဖွဲရှိတယ်။ အဲဒီအဖွဲ့မှာ ဗုဒ္ဓဘာသာတို့၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်ပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ အခုဖြစ်ပျက်နေတဲ့ဟာက ဘယ်သူမှမနိုင်တဲ့ ဂိုဏ်းတဂိုဏ်းဖြစ်တဲ့အတွက် ကျနော်တို့ ကိုင်တွယ်လို့ မတတ်တော့ဘူး။ ဗုဒ္ဓဘာသာ သံဃာ့မဟာနာယကကိုလည်း ကျနော်တို့ ပြောပြတဲ့အခါမှာ သံဃာ့နာယကကလည်း သူသွားပြီးတော့ မေတ္တာရပ်ခံတယ်။ ဒါပေမယ့် ဆရာတော်က ကိုင်တွယ်လို့ မရဘူးဖြစ်နေတယ်။ အဲဒါကျနော်တို့လည်း ဘာမှမလုပ်တတ်ဘူး။ မြိုင်ကြီးငူဆရာတော်ကလေ သူက သံဃမဟာနာယကရဲ့အောက်မှာ မရှိဘူး။ ဗုဒ္ဓဘာသာ အသိုက်အ၀န်းအောက်မှာ မရှိဘူး။ သူ့ဟာသူ သီးသန့်ပဲ ရပ်တည်တဲ့အခါကျတော့ ဘယ်ဗုဒ္ဓဘာသာဆရာတော်က  ကိုင်တွယ်လို့ မရဘူး။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ သံဃမဟာနာယက ဆရာတော်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူးပေါ့။ အပြင်မှာရောက်နေတယ်။ ”     မရှိလည်း အရေးယူလို့မရဘူးလား။ အစိုးရတရပ်အနေနဲ့ကော အရေးယူလို့မရဘူးလား။ “သံဃနာယကက ဘာသာရေးပုဂ္ဂိုလ်တွေကျတော့ သူကတော့ မေတ္တာနဲ့ပဲ သူက ပြောတာပေါ့နော်။ တဖက်က အစိုးရအနေနဲ့ အရေးယူတော့မယ်ဆိုရင် အခုလောလောဆယ် သူ့အနေနဲ့ကျတော့ ကျနော်တို့ တခါ ကရင်ပြည်နယ်အစိုးရဟောင်းက အဲဒီကိစ္စ သွားပြောတဲ့အခါကျတော့ ကရင်ပြည်နယ်အစိုးရဟောင်းက ဘာပြောလဲဆိုတော့ အာဏာစက်နဲ့ ကိုင်လို့မရဘူးတဲ့။ နောက်ပြီးတော့မှ ဓမ္မစက်နဲ့လည်းကိုင်လို့မရဘူးတဲ့။ သူ့ကို ဒီလိုပဲ သည်းခံရမှာတဲ့။ အဲဒါ ၀န်ကြီးချုပ်ဟောင်း ဦးဇော်မင်းက ပြောသွားတဲ့စကားပဲ။ အဲတော့ ကျနော်တို့ ဘယ်လိုမြင်လဲဆိုတော့ သူက အရင်တုန်းက လုပ်ထားတဲ့အကြောင်းအရာတွေကို မူတည်ပြီးတော့မှ လက်ရှိ စစ်တပ်အုပ်စုတွေက ဘယ်လိုခေါ်မလဲ ဒါကို ငဲ့ညာထောက်ထားတဲ့အတွက်ကြောင့် အရေးမယူတာပဲ ဖြစ်နိုင်တာပေါ့နော်။ အရေးယူလို့ရှိရင် သူတို့ပြောတာက အရေးယူရင် ငြိမ်းချမ်းရေးပျက်ပြားမှာတို့ဘာတို့ အဲလိုပြောတဲ့အခါကျတော့ သူတို့အရေးမယူဘူး။ ”     ဒီဆရာတော်ကို အရေးယူလို့ရှိရင် ဘာကြောင့် ငြိမ်းချမ်းရေး ပျက်ပြားနိုင်တယ်လို့ ပြောရတာလဲ။ “ဟိုတုန်းက သူတို့ပြောတာက ဆရာတော်ရဲ့လုပ်ဆောင်မှုကြောင့် ပြည်နယ်ဒေသ တော်တော်များများ တည်ငြိမ်အေးချမ်းသွားတာပေါ့နော်။ အခု အရေးယူဆောင်ရွက်တာတွေ လုပ်လိုက်လို့ရှိရင် သူ့နဂို အဲဒီဒေသတွေက တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားပြီးတော့မှ မငြိမ်းချမ်းမှုဖြစ်သွားမှာပေါ့။ ဆိုလိုတာက ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ဒီဖာပွန်မြို့နယ်ရဲ့ တစိတ်တဒေသရယ်၊ လှိုင်းဘွဲ့မြို့နယ် တော်တော်များများရယ်၊ ဘားအံမြို့နယ်တချို့မှာ အဲဒီမှာရှိတဲ့ကရင်တွေအားလုံးက ဆရာတော်ကို ကိုးကွယ်ကြတယ်။ သူတို့ကတော့ စာမတတ်ဘူးပေါ့နော်။ နောက်ပြီး ဆရာတော်ပြောတာ အားလုံးယုံတယ်။ ဆိုတော့ အဲဒီဆရာတော်ကို အရေးသွားယူလိုက်တာနဲ့ တပြိုင်နက် သူ့ရဲ့နောက်ခံမှာ ရှိတဲ့ပြည်သူလူထု သောင်းနဲ့သိန်းနဲ့ချီတာက ဆရာတော်ကို မတရားလုပ်သလို ခံစားပြီးတော့မှ မတည်ငြိမ်မှုတွေ ဖြစ်သွားမှာစိုးလို့လေ။ ”     အခုဒီဘုန်းကြီးစေတီတည်တဲ့ကိစ္စမှာ အဲဒီရွာမှာက တခြားဘုန်းကြီးကျောင်းမရှိဘူးလား။ “ရှိတယ်။ တခြားဘုန်းကြီးကျောင်းတွေက သံဃမဟာနာယကအုပ်စုနဲ့ ချိတ်ဆက်နေတယ်လေ။ သူတပါးတည်း သံဃမဟာနာယကဘောင်နဲ့လွတ်နေတယ်။ သူက သီးတင်းသုံးတာတောင်မှ ထိုင်းမှာ သုံးတာများတယ်။ ”     တချို့လူတွေပြောတာ ခရစ်ယာန်တို့၊ မွတ်စလင်ကျောင်းထဲမှာ ရွေးပြီးတော့ ကပ်ပြီးသွား ဆောက်နေတဲ့ ပုံစံမျိုးက အမြင်လည်းမကောင်းဘူးပေါ့လေ။ နောက်တခုက တခြားနေရာတွေမရှိ တော့ဘူးလား အဲလိုလည်းမေးခွန်းထုတ်စရာတွေဖြစ်တယ်။ “သူကတော့ အဲလိုမျိုးလည်းမဟုတ်ဘူး။ ကြုံရာတော့ သူလိုက်တည်တယ်။ တချို့ သူများခြံတို့ဘာတို့မှာ လိုက်တည်တာတော့ရှိတယ်။  ဒါပေမယ့် တခုထူးဆန်းတာက ဗုဒ္ဓဘာသာနဲ့ ဆိုင်တဲ့နေရာတွေ သူတည်တာတော့ မတွေ့ဘူး။ ဥဗမာ တရုတ်ဘုံကျောင်းတို့ ဘာတို့တော့ သူအိပ်မက်မက်တာတော့ မတွေ့သေးဘူးပေါ့နော်။ ”     တချို့လူတွေကလည်း အခုလို ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှာ သူက ငြိမ်းချမ်းရေး ပျက်ပြားအောင် လုပ်နေသလိုဖြစ်တယ်လို့လည်း ဝေဖန်ကြတယ်။ ဆိုတော့ ဒီကိစ္စကို ကရင်ပြည်နယ်အစိုးရက ကိုင်တွယ်ဖြေရှင်းတာတွေရှိလား။ “လက်ရှိအစိုးရသစ်အနေနဲ့က ဒီကိစ္စကို ကိုင်တွယ်ဖို့က တော်တော်ကို ခဲယဉ်းလိမ့်မယ်ဗျာ။ ဒါပေမယ့် သူတို့က ညင်ညင်သာသာကိုင်တွယ်ရမယ်။ လောလောဆယ်က ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် သူ့နောက်မှာက ယခင်ရှိနေတဲ့ အင်အားက ရှိနေတုန်းပဲလေ။ သူက နဂို သူ့နောက်ခံက ကကလှမ်းကနေလာတာလေ။ ကကလှမ်းက သူ့နောက်ခံရှိတာကြောင့် ကကလှမ်းက တပ်မတော်နဲ့ အမြဲတမ်းအချိတ်အဆက်ရှိနေတဲ့အခါကျတော့ သူ့ကို လောလောဆယ်ကိုင်တွယ်မယ်ဆိုရင်တော့တော်တော်လေး ခက်ခက်ခဲခဲဖြစ်လိမ့်မယ်။ အဲဒါ ကျနော်ထင်တာ ဒီအစိုးရသစ်ကတော့ ကိုင်တွယ်ဦးမှာမဟုတ်ဘူးပေါ့နော်။ ညင်ညင်သာသာနဲ့ပဲ ဖြစ်နိုင်လို့ရှိရင်တော့ မေတ္တာနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်ပေးပါလိမ့်မယ်လို့ ကျနော်ထင်တယ်။”   ကေအန်ယူဘက်ကတော့ ဘယ်လို့ကိုင်တွယ်ဖြေရှင်းတာမျိုးတွေရှိလဲ။ “ဟိုတလောက ကျနော်တို့ ဘာသာပေါင်းစုံခေါင်းဆောင်တွေ့ဆုံတုန်းက ကေအန်ယူရဲ့ ပြည်ထဲရေးနဲ့ သာသနာရေးဌာနတာဝန်ခံ ပဒိုအားတိုးလည်းပါတယ်။ သူကတော့ စိတ်အား ထက်သန်စွာတော့ ဒီလိုမျိုးမတရားတာတော့ အရေးယူချင်တာပေါ့။ ဒါပေမယ့်အခုန ကျနော် ပြောသလို သူ့ဘက်မှာလည်းပဲ အရေးယူဖို့အနေအထားက သိတဲ့အတိုင်းပဲ အခု လောလောဆယ် အရေးထယူလိုက်လို့ရှိရင် မသိနားမလည်တဲ့ရဲဘော်တွေက ကျနော်တို့ ဆရာတော်ကို မတရားလုပ်ပါတယ်လို့ ထလုပ်ရင် ၁၉၉၃ ဒုတိယတကြိမ် ထပ်ရောက်လာမှာပေါ့။ မြစ်ဆုံနောက်တကြိမ်ထပ်ရောက်လာမှာပေါ့။ ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024