ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်မှုဖြင့် ထောင်ဒဏ်ချရသူများကို ကျောက်ဖြူထောင် ပြောင်းရွှေ့

3K
ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချခံထားရသူတွေကို ဒီကနေ့ မနက်ပိုင်းက စစ်တွေထောင်ကနေ ကျောက်ဖြူထောင်ကို ပြောင်းလိုက်တာကြောင့် အကျဉ်းကျမိသားစုဝင်တွေ ထောင်ဝင်စာတွေ့ဖို့ အခက်ခဲ ကြုံတွေ့နေကြရပါတယ်။
စစ်တွေကနေ ကျောက်ဖြူထောင်ကို ရွှေပြည်တန်ရေယာဉ်နဲ့ ပို့လိုက်တာဖြစ်ပြီး ဘာကြောင့်ပို့လိုက်တယ်ဆိုတာကိုတော့ ပြောပိုင်ခွင့် မရှိဘူးလို့ ရခိုင်ပြည်နယ် အကျဉ်းထောင်ဦးစီးမှူး ဦးအေးသွင်က ပြောပါတယ်။
’’ဘာကြောင့် ပို့တယ်ဆိုတာကတော့ သိလို့ မရဘူးခင်ဗျ။ ပြောလို့ မရဘူးခင်ဗျ။ အယောက် ၂၀ ကျော်လောက်တော့ရှိမယ်။ ရက္ခိုင့်တပ်မတော်လို့တော့ ကျနော်မသိဘူးခင်ဗျ။ အေအေ လက်နက်ကိုင်အဖွဲ့လို့သိတယ်”လို့ ပြောပါတယ်။
ဖမ်ဆီးခံထားရသူတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးတင်မြင့်က “အခုလို ပြောင်းရွှေ့တာ ကျနော်လည်း သိပ်မသိဘူး။ သူတို့ဒီလိုလုပ်တာက လုံခြုံရေးကြောင့်လား၊ ထောင်ဝင်စာလာတွေ့တဲ့ သူတွေကြောင့်လား။ ဘာကြောင့်ပြောင်းတယ် ဆိုတာ သိပ်မသိဘူး။ လက်ရှိမှာ ရက္ခိုင့်တပ်မတော် နှင့် ဖမ်းဆီထောင်ချရသူတွေက ၃၀ ကျော်လောက်ရှိတယ်။ သူတို့တွေစစ်တွေထောင်မှာ အများဆုံးပေါ့လေ။”
ထောင်ချခံထားရတဲ့ အကျဉ်းသားတဦးရဲ့အမျိုးသမီး ဒေါ်ခိုင်ဇံအေးကတော့ အခုလို ထောင်ပြောင်းလိုက်တာကြောင့် ထောင်ဝင်စာတွေ့ဖို့ အခက်ခဲကြုံရတယ်လို့ ပြောပါတယ်။
“ညီမက ကျောက်တော်မြို့နယ်က ထောင်ဝင်စာလာတွေ့ဖို့တော့ အရင်လို သိပ်မလွယ်တော့ဘူးပေါ့လေ။ ကျောက်ဖြူဆိုတော့ ခက်ခဲသွားပြီ။ ဘာကြောင့် ဒီလိုပြောင်းတယ်ဆိုတာကတော့ ညီမလည်းမသိရဘူး။”
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချခံ ထားရတဲ့သူ ၃၀ ကျော်ထိရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုပြီး ကျောက်ဖြူမြို့မှာ အမှုရင်ဆိုင်နေရတဲ့ လူငယ်သုံးဦးရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဧပြီ ၁၆ ရက်ကစလို့ စစ်တပ်နဲ့ ရက္ခိုင်တပ်မတော် (အေအေ) ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး လူသေဆုံးမှု ရှိခဲ့သလို ဒေသခံ ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
(သတင်း - ၀ဏ္ဏခွာညို)