ရခိုင်တိုက်ပွဲရပ်ရန် အရေးကြီးအဆိုကို လွှတ်တော်မှတ်တမ်းတင်
ရွှေအောင်
·
May 4, 2016
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်ပွားနေတာကို ချက်ချင်းရပ်စဲပြီး အေအေ လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းတဲ့ အရေးကြီးအဆိုကို လွှတ်တော်က မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ က အမျိုးသားလွှတ်တော်အမတ် ဦးဝေစိန်အောင် တင်သွင်းတဲ့ အရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ်တွေ အပါအ၀င် ကိုယ်စားလှယ် ၄ ဦးက ဒီနေ့ လွှတ်တော်ထဲ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။
“ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေထဲမှာ တဖွဲ့ချင်းလုပ်တာ မဟုတ်ဘဲ အဖွဲ့အစည်း အားလုံး ဆွေးနွေးရန်လိုကြောင်း ပါဝင်နေသလို နိုင်ငံတော်အနေနဲ့ကလည်း အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မပါဝင်သေးတဲ့ အဖွဲ့များကို ပါဝင်စေပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစဉ်တစိုက်ဆောင်ရွက်နေကြောင်း ပေါ်ပေါက်နေတဲ့အတွက် မှတ်တမ်းတင်ထားရှိသင့်ကြောင်း တွေ့ရှိရပါတယ်။”
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့ မှတ်တမ်းတင်ထားသင့်ကြောင်း ဆုံးဖြတ်ချက်ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူ ၆ ဦးသာ ရှိလို့ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီနေ့ ရခိုင်အရေးကြီးအဆိုနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ကြီး စိန်ဝင်းက လွှတ်တော်တွင်း လာရောက်ရှင်းလင်ပြောကြားခဲ့ရာမှာ အရေးကြီးအဆိုကို ပြန်ရုပ်သိမ်းဖို့ ပြောခဲ့ပါတယ်။
“အေအေလက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ယခု သမ္မတကြီးဦးထင်ကျော် လက်ထက်တွင်မှ ယခုကဲ့သို့ စစ်ပွဲများရပ်ရန် ဆန္ဒဖော်ထုတ်ခြင်း၊ အရေးကြီးအဆို တင်သွင်းခြင်းတို့ဟာ လက်ရှိသမ္မတကြီး ဦးထင်ကျော် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရကို နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်စေရန်အတွက် ပုံဖော်ဖန်တီးရာ ရောက်နေကြောင်း တင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အနာဂတ်အရေးနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေများကို လွှမ်းခြုံသုံးသပ်လျက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်ကို မေတ္တာရပ်ခံလိုတာကတော့ ကိုယ်စားလှယ်တော်ကြီး တင်သွင်းထားတဲ့ အရေးကြီးအဆိုကို အဆိုရှင်အနေနဲ့ ပြန်လည် ရုပ်သိမ်းနိုင်ပါရန်။”
ရခိုင်ပြည်နယ်အတွင်း ဧပြီ ၁၆ ရက်ကစလို့ စစ်တပ်နဲ့ ရက္ခိုင်တပ်မတော် (အေအေ) ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး လူသေဆုံးမှု ရှိခဲ့သလို ဒေသခံ ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။