Home
မြန်မာသတင်း
ပြည်သူ့စစ်အဖြစ်က နုတ်ထွက်၍ ဖခင်ဖြစ်သူ အဖမ်းခံရ
နန်းမြနဒီ
·
May 3, 2016
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ထဲမှာ ပီအန်အေ (ပအိုဝ်းအမျိုးသားတပ်မတော်) ဌာနေပြည်သူ့စစ်ထဲ ၀င်ရောက်အမှုထမ်းပြီး ပြန်ထွက်လာသူတွေကို အဖွဲ့ထဲ ပြန်ခေါ်ပြီး ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ညောင်ရွှေမြို့နယ် နန်းပန်တိုက်နယ် လွယ်ခေါ်ကျေးရွာက ခွန်ထွန်းကီ ဆိုသူဟာ ပီအန်အို ဌာနေပြည်သူ့စစ်အဖွဲ့မှာ  တပ်ကြပ်ကြီးအဆင့်နဲ့ ၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး အပြင်မှာ မိသားစုနဲ့အတူလုပ်ကိုင်စားသောက်ဖို့ ထွက်လာပေမယ့် အဖွဲ့က သဘောမတူဘဲ ပြန်လာခေါ်ပြီး သူ့ကိုမတွေ့တော့လို့ မေလ ၂ ရက် သူ့ဖခင်ကို ဖမ်းခေါ်သွားတာလို့  တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက  ပြောပါတယ်။ “ပီအန်အိုအဖွဲ့ထဲမှာ ပြန်လုပ်ဖို့ ပီအန်အေ တပ်ရင်း ၄ က ဗိုလ်မှူးထွန်းမောင်နဲ့အဖွဲ့က မနေ့တုန်းက ရွာကိုရောက်လာပြီး ခွန်ထွန်းကီကို ပြန်လာခေါ်တယ်။ သူက ကြိုသိတော့ ရှောင်နေတယ်။ အဲဒီမှာ အသက် ၆၀ ကျော် ၇၀ နားနီးတဲ့ သူ့အဖေ ဦးဖြူကို ဖမ်းခေါ်သွားတယ်။ မနေ့တုန်းက ကျောက်တလုံးကြီးမြို့နယ် ဟမ်းဖို့ရွာဘက်ခေါ်သွားတယ်လို့ပြောတယ်။ ပြီးတော့ ကိုထွန်းကီကို သူ့အဖေနဲ့ လူချင်းလာလဲဖို့ ဖုန်းဆက်တယ်။ အဲဒါ သူလည်း တောင်ကြီးကို တက်လာပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံးကို လာပြောတယ်။ ဒါပေမယ့် တာဝန်ရှိလူကြီးတွေ ဘယ်သူမှ ထွက်မတွေ့ဘူး။ အဲဒါကြောင့် သူက ကျနော်တို့ဆီ လာပြီးအကူအညီတောင်းတာ။” ခွန်ထွန်းကီဟာ အရင်ဆုံး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပိုင် ပတ္တမြားနဂါးကုမ္ပဏီမှာ အလုပ်သမား ၀င်လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ပီအန်အေထဲဝင်ခဲ့ကြောင်း၊ အဖွဲ့ရဲ့ စာချုပ်အရ အနည်းဆုံး ၃ နှစ် လုပ်ရမှာဖြစ်ပေမယ့် သူက ၄ နှစ်ထိ လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ တပ်ကတကြိမ်ထွက်ခဲ့ဖူးကြောင်း၊ ဒါပေမယ့် ၂၀၁၁ သြဂုတ်လမှာ ပီအန်အိုက ပြန်လာခေါ်လို့ တပ်ကြပ်ကြီးဖြစ်တဲ့အထိလုပ်ခဲ့ရာက သူ့မှာ ကလေးငယ်တွေလည်းရှိတဲ့အတွက် မိသားစုနဲ့အတူ စိုက်ပျိုးရေးပြန်လုပ်ဖို့ ဒီနှစ် ဇန်န၀ါရီလမှာ တခါပြန်ထွက်လာခဲ့တာလို့ ဆိုပါတယ်။ တပ်ကပြန်ထွက်လာတဲ့သူ့ကို ပြီးခဲ့တဲ့အပတ် ဧပြီလ ၂၇ ရက်နေ့က ပီအန်အေ ဗိုလ်ကြီးသူရနဲ့ အဖွဲ့က ပြန်လာခေါ်သေးကြောင်း၊ သူက အိမ်မှာမရှိတဲ့အတွက် သူ့လိုပဲအရင်က ပီအန်အေတပ် ထဲဝင်ဖူးသူ ၂ ဦးဖြစ်တဲ့ လွယ်ခေါ်ရွာသား ကိုကျော်လွင်နဲ့ တောင်ခြေရွာသား ကိုကျော်ဝင်းလှိုင် တို့ ၂ ဦးကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။ အလားတူ ဆီဆိုင်မြို့နယ်ထဲမှာလည်း ပီအန်အေအဖွဲ့ဝင်ဟောင်းတွေ ပြန်ခေါ်သွားပြီး မိသားစုဝင် တွေက  ကျပ် ၂ သိန်းခွဲစီနဲ့ ပြန်သွားရွေးခဲ့ရတယ်လို့ ဦးတင်မောင်တိုးက ပြောပါတယ်။ သူတို့အနေနဲ့ စရဖ (စစ်ဘက်ဆိုင်ရာလုံခြံရေးဌာန)၊ အက်စ်ဘီ (အထူးစုံစမ်းစစ်ဆေးရေး)၊ ညောင်ရွှေမြို့နယ်ရဲတပ်ဖွဲ့ တာဝန်အရှိဆုံး နယ်စပ်ဒေသနဲ့လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်ထံ တိုင်ကြားထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပီအန်အေ - ဌာနေပြည်သူ့စစ် ဌာနချုပ်ရုံးကို  ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာမှာ စစ်ဦးစီးမှူး ဗိုလ်မှူးဇော်ပျံက သူတို့အဖွဲ့ဝင်ဟောင်းတွေကို အလိုမတူဘဲ အတင်းပြန် ၀င်ခိုင်းတာ မရှိကြောင်း ခုလိုဖြေကြားသွားပါတယ်။ “ကျနော်တို့အဖွဲ့ဝင်တွေက အားလုံးစေတနာ့ ၀န်ထမ်းတွေ ကျနော်ကိုယ်တိုင်လည်း စေတနာ့ ၀န်ထမ်းပဲ။၊ သဘောမတူဘဲ အဖွဲ့ထဲအတင်းမ၀င်ခိုင်းဘူး။ ဘယ်နှစ်နှစ်လုပ်ရမယ်ဆိုတဲ့ စာချုပ်လည်းမရှိဘူး။ တခုတော့ရှိတယ်၊ အဖွဲ့ထဲကနေ ထွက်သွားတဲ့အခါ အဖွဲ့ကပေးသုံးတဲ့ ပစ္စည်းတွေ ပြန်မအပ်ဘဲယူသွားတာ၊ အဖွဲ့ပိုင် ငွေတွေယူသုံးပြီး ပြန်မပေးတာ၊ အဖွဲ့ငွေတွေ အလွဲသုံးစားလုပ်သွားတာ အဲလိုမျိုးတွေကျတော့ လာရှင်းဖို့ ပြန်ခေါ်တာရှိတယ်။ အခုပြောတဲ့ လူတွေ က တကယ်ဖမ်းလား မဖမ်းလားဆိုတာ ကျနော်တို့ ပြန်စစ်ကြည့်ပါဦးမယ်။” ရှမ်းပြည်တောင်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်တဲ့ ပီအန်အေ (ပအိုဝ်း အမျိုးသား တပ်မတော်)ဟာ ၁၉၉၁ ခုနှစ်က န၀တအစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး ၂၀၁၀ ခုနှစ် နအဖအစိုးရ လက်ထက်မှာ ဌာနေပြည်သူ့စစ် အသွင်ပြောင်းခဲ့ပါတယ်။ ပီအန်အို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး န၀တအစိုးရလက်ထက်က အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေးထားတဲ့ ကျောက်တလုံးကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေ စတဲ့ မြို့နယ် ၅ ခုမှာ ဒေသဖွံ့ဖြိုးရေး လှုပ်ရှားလျှက်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024