အီရတ်တွင် ဗုံး ၃ လုံးပေါက်ကွဲ၊ လူ ၁၄ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အီရတ်နိုင်ငံရဲ့ မြို့တော် ဘဂ္ဂဒက်အထဲနဲ့ ပတ်ဝန်းကျင်မှာ မေလ ၂ ရက်နေ့က ဗုံး ၃ လုံး ပေါက်ကွဲခဲ့လို့ မြို့တော်အတွင်း နှစ်စဉ် ဘုရားဖူးနေတဲ့ ရှီးယိုက်မွတ်စလင် ဝတ်ပြုဆုတောင်းသူတွေ အပါအဝင် အနည်းဆုံး လူ ၁၄ ဦး သေဆုံးတယ်လို့ ရဲနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ ရှိတယ်လို့ သူတို့ကိုယ်တိုင် အခိုင်အမာ ပြောပါတယ်။ အကြီးဆုံး ပေါက်ကွဲမှုက ဘဂ္ဂဒက်မြို့တော် တောင်ပိုင်းက စေဒီယာခရိုင်မှာ ကားဗုံးကွဲမှုကြောင့် ဖြစ်တာပါ။ ဒီအမှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး အယောက် ၃၀ လောက် ဒဏ်ရာရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲက တချို့ဟာ ဗလီတွင်း ရှေ့ဆောင် အိုင်မန် ဘာသာရေးဆရာ မူဆာ အယ်လ် ခါဒင်မ်ရဲ့ ဗိမာန်ဆီကို လာရောက်တဲ့ ဖြတ်သွားဖြတ်လာ ဘုရားဖူးတွေပါ။ သူဟာ ၈ ရာစုက ကွယ်လွန်ခဲ့တဲ့ တမန်တော် မိုဟာမဒ်ရဲ့ မြစ်လည်း ဖြစ်ပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေဟာ အီရတ်မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို တိုက်ပွဲဝင်နေပြီး ဖောက်ပြန်ရေးသမားလို့ အိုင်အက်စ်တွေက ယူဆတဲ့ ရှီးယိုက် အရပ်သား မွတ်စလင်တွေနဲ့ လုံခြုံရေး အရာရှိတွေကို ပုံမှန် ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ အသေခံဗုံးခွဲသမားဟာ စေဒီယနဲ့ ကပ်လျက်က ဒိုရာရပ်ကွက်အတွင်း ဘုရားဖူးတွေကို ပစ်မှတ်ထားခဲ့တယ်လို့ အိုင်အက်စ်တွေက အင်တာနက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ထောက်ခံသူတွေက ဒီကြေညာချက်ကို ဖြန့်ချိခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ အိုင်အက်စ် အကြီးတန်းခေါင်းဆောင် အသတ်ခံရမှုအတွက် လက်စားချေတာဖြစ်ပြီး လတ်တလော ထိုးစစ်ဆင်မှုရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up