Home
မြန်မာသတင်း
ကဗျာဆရာ မောင်ဆောင်းခကို စွဲချက်တင်
DVB
·
May 3, 2016
သမ္မတဟောင်း ဦးသိန်းစိန်ကို ထိခိုက်တဲ့ ကဗျာရေးသားတယ်လို့ စွပ်စွဲခံရတဲ့ ကဗျာဆရာမောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဒီကနေ့ ရွှေပြည်သာမြို့နယ်တရားရုံးမှာ စွဲချက်တင်စစ်ဆေးနေပါတယ်။ မောင်ဆောင်းခဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၅ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး   လက်ရှိ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားကာ လာမယ့်မေ၅ ရက်ဆိုရင် ၆ လပြည့်ပြီဖြစ်လို့ အမှုကို အမြန်စစ်ပြီး အမြန်မိန့်ချစေချင်တယ်လို့  မောင်ဆောင်းခရဲ့မိခင် ဒေါ်မြင့်မြင့်နိုင်က  ပြောပါတယ်။ “သားကို ချမှာဆိုရင်လည်းချ။ မချဘူးဆိုရင်လည်း လွှတ်မယ်ဆိုရင်လွှတ်။ အခုက အဲလိုလည်း မဟုတ်ဘူး။ ကြားထဲမှာလည်း ရုံးချိန်းတွေကို ရုံးချိန်းအတိုင်းလည်း မစစ်ဘူး။ တရားလိုပြ သက်သေတွေလည်း ပုံမှန်မလားဘူး။ ဒါနဲ့ပဲရက်တွေ ကြာနေတယ်။ ” ကဗျာဆရာ မောင်ဆောင်းခဟာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပေမယ့်  ပုဒ်မ ၅၀၅ (ခ) ကိုတော့ ဧပြီ ၈ ရက်က ရုပ်သိမ်းပေးခဲ့တာပါ။ ကဗျာဆရာမောင်ဆောင်းခကတော့ သူဟာကဗျာတစ်ပုဒ်သာ ရေးသားခဲ့တာဖြစ်ပြီး ကဗျာထဲက သမ္မတဆိုတာ ဘယ်နိုင်ငံကသမ္မတရယ်လို့ ရည်ညွှန်းခဲ့တာ မဟုတ်ကြောင်း ဘယ်သူကို ရည်ညွှန်းတယ်ဆိုတာ ဖတ်တဲ့လူနဲ့သာ သက်ဆိုင်တဲ့အတွက် အပြစ်မရှိကြောင်းတရားရုံးကို ပြန်လည်ချေပခဲ့ပါတယ်။ ဒီအမူအတွက် မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂက အတွင်းရေးမှူးအပါအဝင်ကဗျာ ဆရာနှစ်ဦးက သက်သေအဖြစ် ပြန်လည်ထွက်ဆိုချေပသွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024