Home
မြန်မာသတင်း
မူဆယ်တွင် တရုတ်နိုင်ငံသား ၄ ဦးကို လက်နက်များဖြင့် ဖမ်းဆီးရမိ
နန်းမြနဒီ
·
May 3, 2016
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို လက်နက်နဲ့ ကျည်ဆန်တွေနဲ့အတူ  မေလ ၂ ရက်နေ့မှာ မူဆယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ မူဆယ်မြို့  ကောင်းမူးတုံရပ်ကွက် ငွေဆင်အိမ်ယာအနီးမှာ မသင်္ကာဘွယ် လူတစ်စုတွေ့ရှိ ကြောင်း ရဲတပ်ဖွဲ့ဝင်တဦးရဲ့ သတင်းပေးချက်အရ အဆိုပါ တရုတ်နိုင်ငံသား ၄ ဦးကို မနေ့ မွန်းလွဲပိုင်းမှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ ရှမ်းပြည်နယ်ဒုရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့တုန်းက မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှာ နှစ်နိုင်ငံနယ်စပ်အမှတ် ၈၃ နဲ့ ၈၄ - ၂ ဖာလုံကြား၊ ရဲစခန်းရဲ့ အနောက်မြောက်ဘက် တမိုင်လောက်အကွာ မသင်္ကာဖွယ်လူတစုရောက်နေတာကို နယ်မြေသတင်းယူဖို့ ကျနော်တို့ တာဝန်ပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက သတင်းပေးလာတယ်။ အဲဒါကြောင့် ကျနော်တို့ဆီက မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူးဦးစီးတဲ့ အဖွဲ့တွေ၊ နယ်ထိန်းတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သွားပြီးတော့ ကြည့်ရှုရှင်းလင်းပါတယ်။ အဲဒီမှာ တရားမ၀င် ၀င်လာတဲ့ တရုတ်နိုင်ငံသား လေးဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိတာဖြစ်တယ်။ သူတို့က ဂျယ်ဂေါင်မြို့ လောင်းကစားရုံမှာ ကစားဖို့လာတာလို့ပြောတယ်။ အခုအဲဒီ လောင်းကစားရုံတွေ ပိတ်ထားတော့ ပြန်မလို့လုပ်ရင်း ဒီဘက်ရောက်လာတာ၊ လက်နက်တွေက သူတို့ကိုရန်ပြုလာရင် ခုခံကာကွယ်ဖို့လို့ ပြောတယ်။” ဖမ်းဆီးရမိသူတွေကတော့ အသက် ၂၅ နှစ်နဲ့ ၄၄ နှစ်ကြား အမျိုးသား ၄ ဦးဖြစ်ပြီး စီချွမ်ပြည်နယ် နဲ့ ကွေကျုံးပြည်နယ်က ဖြစ်ကြောင်း၊ သူတို့ဆီကနေ လက်နက်အတို ၅ လက်၊ ၉ မမကျည်ဆံ စုစုပေါင်း အတောင့် ၄၀၊ ပွိုင့် ၃၈ ကျည် ၈ တောင့် ဖမ်းဆီးရမိတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ အဆိုပါ တရုတ်နိုင်ငံသား ၄ ဦးကို မူဆယ်ရဲတပ်ဖွဲ့က လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ လ၀ကအက် ၁၃/၁ နဲ့ရော လက်နက်ကိုင်ဆောင်မှုနဲ့ပါ အမှုဖွင့်အရေးယူဖို့  ရဲ့တပ်ဖွဲ့က အထူးအဖွဲ့ ဖွဲ့ကာ စစ်ဆေးမေးမြန်းနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024