တိုက်ကြီးအကျဉ်းစခန်းတွင် အကျဉ်းသားအချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်
DVB
·
May 3, 2016
တိုက်ကြီးမြို့နယ် အကျဉ်းဦးစီးဌာန၊ အိုင်ကလောင်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတက်သင်စခန်းတွင် အကျဉ်းသားအချင်းချင်းစကားများ ရန်ဖြစ်ရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့ ပါတယ်။
ဧပြီ ၃၀ ရက်နေ့က အိုင်ကလောင်စိုက်ပျိုးရေးနဲ့ အသက်မွေးမှုအတက်သင်စခန်း ထောင်ဗူး အတွင်းရှိတဲ့ နောက်တန်းဆူးကြိုးမှာ မနက် ၆ နာရီ ထောင်ဖွင့်သစ္စာဆိုပြီး ဘုတ်အလိုက် တန်းစီနေစဉ် ဖြိုးဝေလင်း၊ မျိုးမင်းဖြိုးတို့ ၂ ဦးနဲ့ ထက်ရာဇာလင်းတို့စကားများ ရန်ဖြစ်ရာကနေ ဖြိုးဝေလင်းနဲ့ မျိုးမင်းဖြိုးတို့က ကြက်သွန်လှီးဓားနဲ့ အရိုးအသွား ၃ လက်မခွဲခန့်ရှိ တံစဉ်ကျိုးတို့နဲ့ ထက်ရာဇာလင်းကို ရုတ်တရက်ထိုးလိုက်ရာ ထက်ရာဇာလင်းရဲ့ ဝဲ/ယာ ရင်အုံ ထိုးသွင်းဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာ၊ ဝမ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာနဲ့ ဝဲဘက်နံစောင်း ထိုးသွင်းဒဏ်ရာတို့ ရရှိခဲ့ ပါတယ်။
ဒဏ်ရာရသူ ထက်ရာဇာလင်းကို ရဲဆေးစာနဲ့ တိုက်ကြီးဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ပို့ဆောင်ခဲ့ပြီး ရဲဘက်တရားခံ ဖြိုးဝေလင်းနဲ့ မျိုးမင်းဖြိုးတို့ကို ကတိုင်စိန်ရဲစခန်းမှ(ပ)၁၈/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၂၆ (အပြင်းအထန်နာ ကျင်စေမှု)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ပေးပို့ - မေသွယ် (CJ)