ကချင်ပြည်နယ်၊ ဆော့လော်နှင့်ချီဖွေမြို့နယ်မှ ကျေးရွာအချို့ မြေပြိုပြီး စားနပ်ရိက္ခာခက်ခဲနေ









3.1K
ကချင်ပြည်နယ်၊ ဆော့လော်နဲ့ ချီဖွေမြို့နယ်ထဲက ရွာ ၁၅ ရွာလောက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုတ်တရက် လေပြင်းတိုက် မိုးရွာသွန်းတာတွေကြောင့် မြေပြိခဲ့ပြီး ရွာသားတွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
ဆော့လော်မြို့နယ်က လာချင်နဲ့ ဇပန့်ခ နှစ်ရွာကတော့ ကမ်းပါးပြိုတာမှာ ရွာလုံးကျွတ် ပါသွားပြီး အိမ်ခြေ ၁၀၀ ကျော်က မိသားစုတွေ အိုးအိမ်မဲ့ဖြစ်နေကြရတာပါ။
သဘာဝဘေးခံစားနေရတဲ့ ဒေသခံတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးယောနက “တရွာနဲ့တရွာက မိုင်ဆယ်နဲ့ချီဝေးတယ်။ လမ်းပန်း အဆက်အသွယ်ပြတ်နေတဲ့ရွာတွေကို ပြီးခဲ့တဲ့ ရက်က စစ်တပ်က ရဟတ်ယာဉ်နဲ့ ရိက္ခာ ချပေးထားတယ်။ အဲဒီကလူတွေကို မသွားမလာနိုင်တဲ့သူတွေကလွဲပြီး ရိက္ခာပေးရလွယ်ကူမယ့် ချီဖွေမြို့နယ်က ကန်ပန်ရွာကို လာခိုင်းထားတယ်” လို့ပြောပါတယ်။
ဒါ့အပြင် လမ်းတွေပျက်သွားလို့ တရွာနဲ့ တရွာသွားလို့မရတော့သလို တချို့ရွာတွေမှာ နောက်တပတ်လောက်မှာ ရိက္ခာပြတ်တော့မယ့် အခြေအနေရှိနေတယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။
ချီဖွေမြို့နယ်ထဲက ရွာ ၇ ရွာလောက်ကလည်း အကြီးအကျယ် ပျက်စီးခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိကတော့ လူအသေအပျောက်မရှိဘူးလို့ သိရပါတယ်။
ဓာတ်ပုံ- ဦးဇီဖာတား