Home
မြန်မာသတင်း
ကျောက်မဲတွင် မြေမြှုပ်မိုင်းပေါက်ကွဲ၊ ၂ ဦးသေဆုံး ၁ ဦးဒဏ်ရာရ
နန်းမြနဒီ
·
May 2, 2016
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်ထဲမှာ မေလ ၁ ရက် မနက်ပိုင်းက  မြေမြှုပ်မိုင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွားပြီး ရွာသား ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရသွားပါတယ်။ ကျောက်မဲမြို့ မြောက်ဘက် မိုင် ၂၀ လောက်အကွာမှာရှိတဲ့ မန်ခေါက်အုပ်စု မန်ခေါက်ရွာက ရွာသားတွေဟာ ကွန်ကော်ကျေးရွာအုပ်စု တော့ဖယ်ကျေးရွာမှာ သတိုးသမီးသွားတောင်းစဉ် လမ်းမှာ မိုင်းထိပြီး သေဆုံးဒဏ်ရာရခဲ့တာလို့ ကျောက်မဲမြို့နယ်ရဲစခန်း တာဝန်ကျ နယ်ထိန်းရဲ တဦးမှ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ စခန်းကိုရောက်လာတဲ့ မှတ်တမ်းအရ ဖြစ်စဉ်ကိုပြောရရင်တော့ မနေ့က မန်ခေါက် ရွာသား ဦးအိုက်ကျော်က သူ့သား စိုင်းနေလင်းအတွက် တော့ဖယ်ရွာကို မိန်းမတောင်းပေးဖို့ ဆွေမျိုးတွေနဲ့ အတူသွားကြတယ်။ ဆိုင်ကယ် ၁၁ စီးပါတယ်။ မနက် ၈ နာရီခွဲလောက် ခိုငင်းရွာနားရောက်ခါနီးမှာ ဆိုင်ကယ် ၁၁ စီးထဲက ၅ စီးနဲ့ ၆ စီးမြောက် ဆိုင်ကယ်ကြားမှာ ပေါက်ကွဲမှုဖြစ်သွားတာ၊ ပေါက်ကွဲတဲ့နေရာက လမ်းညာဘက် ၂ ပေလောက်ဝေးတယ်။ အဲဒီမှာ သတို့သားရဲ့အဖေ ဦးအိုက်ကျော်က ညာဘက် ဂျိုင်းအောက်မှာ ခဲသီးဖောက်ဝင်တာက တချက်၊ ပြီးတော့ ညာဘက်နားရွက်နဲ့ တတောင်ဆစ်မှာ ဒဏ်ရာရတယ်။ ပြီးတော့ သူ့နောက်မှာ  နောက်တစီး လိုက်ပြီးမောင်းလာတဲ့ စိုင်းကံ (၂၀ နှစ်) ကို ထိတယ်။ သူက ခဲသီးတွေ ရင်ဘတ်ထဲဖောက်ဝင်ပြီး အဲဒီမှာတင် ပွဲချင်းပြီး သေဆုံးတယ်။ နောက်ပြီးတော့ စိုင်းကံရဲ့ ဆိုင်ကယ်နောက်က လိုက်စီးတဲ့ နန်းအေးထီး (အသက် ၂၂ နှစ်) သူက ညာဘက် ခြေတောက်ရော လက်ရောပြတ်တယ်။ မျက်နှာလည်း စုတ်ပြတ်သွားတယ်။ အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်။” ဒဏ်ရာရတဲ့ ဦးအိုက်ကျော်ကို ရွာသားတွေက ကျောက်မဲဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူတွေကိုတော့ ဒေသဓလေ့ထုံးစံအရ ခိုငင်းရွာပြင်မှာဘဲ ဘုန်းကြီးပင့်ပြီး မီးသင်္ဂြိုဟ် လိုက်တယ်လို့  သူက ဆက်ပြောပါတယ်။ အခင်းဖြစ်ပွာတဲ့ နယ်မြေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနယ်မြေဖြစ်တဲ့ အတွက် ဒေသထဲကွင်းဆင်းစစ်ဆေးမှု မပြုခဲ့ရသလို အမှုဖွင့်ထားတာလည်း မရှိကြောင်း၊ ရဲစခန်းမှာ သတင်းမှတ်တမ်းတင်ရုံပဲရှိကြောင်း နယ်ထိန်းရဲက ပြောသွားပါတယ်။ သူတို့သမီးသွားတင်တောင်းမယ့် ကွန်ကောက်အုပ်စု တော့ဖယ်ကျေးရွာထဲမှာဘဲ  ပြီးခဲ့တဲ့အပတ် ဧပြီလ ၂၆ ရက်နေ့က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၂ ဦးနဲ့  ဧည့် လမ်းညွှန်တဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024