Home
ဆောင်းပါး
မိုးခေါင်ရေရှား ကပ်ဘေးသင့် အိန္ဒိယပြည်သူတွေ
DVB
·
May 2, 2016
ဒီနှစ်မှာတော့ အိန္ဒိယနိုင်ငံတ၀ှမ်း ပြည်နယ်တချို့မှာ အလွန်ပြင်းထန်တဲ့ မိုးခေါင်ရေရှားကပ်ဘေး ကျရောက်နေပါတယ်။ ဒါဟာ ဆယ်စုနှစ်အတော်များများအတွင်း အပြင်းထန်ဆုံး မိုးခေါင်မှုတခုလို့ ဆိုပါတယ်။ အထူးသဖြင့် အနောက်ပိုင်း မဟာရာ့ရှ်ထရာ ပြည်နယ်က ပြည်သူလူထုတွေဟာ ရေတွင်းတွေ ခန်းခြောက်ကုန်လို့ ရေရှားပါးတဲ့ ပြဿနာနဲ့ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် ပိုပြီး ဆိုးဝါးပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ခံစားနေကြရပါတယ်။ အိန္ဒိယအစိုးရရဲ့ အဆိုအရ အိန္ဒိယပြည်သူ သန်း ၃၃၀ လောက်ဟာ မိုးခေါင်ရေရှား ကပ်ဘေးသင့်ခံနေကြရတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရာ့ရှ်ထရာ ပြည်နယ်ထဲက မာရာ့သ်ဝါဒါဒေသဟာ ဆယ်စုနှစ်ပေါင်း အတော်ကြာ မိုးခေါင်းရေရှားမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေကြရတယ်လို့ ဆိုရမှာပါ။ မွန်ဘိုင်းမြို့ရဲ့ ကီလိုမီတာ ၄၀၀ ၀န်းကျင်လောက် ဒေသတွေမှာ မိုးရေလုံလောက်အောင် မရရှိတာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းကပါ။ နေ့အပူချိန်ဟာ တချို့ဒေသတွေမှာ အနိမ့်ဆုံး ၄၀ ဒီဂရီ ဆဲလ်စီးရပ် ရှိနေပြီး ညဘက်မှာတောင် ၃၈ ဒီဂရီ ဆဲလ်စီးရပ်လောက်အထိပဲ ကျသွားတာဖြစ်လို့ အဲဒီဒေသက ပြည်သူတွေဟာ ရရာရေကို သောက်ကြရတဲ့ အခြေအနေ ရောက်နေကြပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ အဲဒီဒေသမှာ ရရှိရမယ့် ပုံမှန် မိုးရေချိန်လက်မရဲ့ ၄၉  ရာခိုင်နှုန်းလောက်ကိုပဲ ရရှိခဲ့ကြပါတယ်။ တချို့ဒေသတွေဆိုရင် ၃၅ ရာခိုင်နှုန်းလောက်ပဲ ရရှိကြပါတယ်။ လယ်သမားတွေရဲ့ ရေတွင်းတွေ အားလုံးလောက်နီးနီး ခန်းခြောက်သွားခဲ့တဲ့အတွက် သောက်ရေကို ရာရှင်စနစ်နဲ့ ဖြန့်ဝေပေးနေခဲ့ရပါတယ်။ ဒေသတလျှောက်မှာ ရေတင်ရထားတွေ ယက်ယှယ်သွားလာနေကြတယ်လို့ ဆိုပါတယ်။ ရေတင်ရထားတွေ ရေလီတာ သန်းပေါင်းများစွာနဲ့ ဒီ မိုးခေါင်ရေရှား ကပ်ဘေးသင့်ဒေသကို နေ့စဉ်လိုလို ရောက်ရှိနေကြပေမယ့် ရေက လုံလောက်မှု မရှိခဲ့ပါဘူး။ ကျေးရွာဒေသခံတယောက်က “ကျမတို့ ရှစ်ရက်မှတခါ ရေလီတာ ၅၀ ပဲ ရပါတယ်ရှင်။ ဒါပေမယ့် တချို့ကတော့ လီတာ ၂၀၀ လောက် ရကြတယ်လေ” လို့ အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောပြပါတယ်။ အခု ၂၀၁၆ ခုနှစ်ထဲမှာ အပူလှိုင်းကြောင့် ပိုပြီး ဆိုးဝါးသွားခဲ့ပြီး အိန္ဒိယနိုင်ငံ အစိတ်အပိုင်း အတော်များများမှာ ပုံမှန်ထက်ပိုပြီး အပူချိန်မြင့်မားနေပြီး တချို့ဒေသတွေမှာတော့ နှစ်စဉ်ရှိရမယ့် အပူချိန်ထက် ၅ ဒီဂရီ ဆဲလ်စီးရပ် ကျော်ကျော်လောက် မြင့်တက်နေတာ တွေ့ရပါတယ်။ အပူရှိန်ကြောင့် သေဆုံးရမှုဟာ လူ ၁၀၀ ကျော်ရှိခဲ့ပြီး ဒီ မိုးခေါင်ရေရှား အပူချိန်မြင့်တက်မှုဟာ အဓိက ကပ်ဘေးကြီးတခု ဖြစ်လာမှာကို လူတွေက စိုးရိမ်ကြောက်လန့်နေကြပါတယ်။ ရာသီဥတုကြောင့် သေဆုံးရမှုတွေရဲ့ အကြီးမားဆုံး အကြောင်းရင်းတခုကတော့ ကမ္ဘာ့အပူလှိုင်းတွေကြောင့်ပဲ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တကယ်လို့သာ အပူချိန်ဟာ ညပိုင်းအထိ ကျမလာဘူးဆိုရင် လူတွေရဲ့ ခန္ဓာကိုယ်ဟာ အပူရှိန်ကြောင့် ခံစားခဲ့ရတာတွေ ပြန်ပြီး နာလန်ထူ ထိန်းမတ်တဲ့အချိန် မရှိတော့တဲ့အတွက် လူတွေအတွက် ပိုပြီး အန္တရာယ် များလာနိုင်ပါတယ်။ နောက် အိန္ဒိယနိုင်ငံအတွက် ပိုပြီး ဆိုးဝါးသွားစေတဲ့ အခြေအနေတရပ်ကတော့ လေအေးပေးစက် အသုံးမပြုနိုင်ကြတာပဲ ဖြစ်ပါတယ်။ လျှပ်စစ်ပန်ကာတွေကလည်း အပူချိန် ၃၅ ဒီဂရီ ဆဲလ်စီးရပ်အောက်မှာလောက်ပဲ သက်သာရာ ရစေနိုင်တာဖြစ်ပြီး ရေဓာတ်ဆုံးရှုံးမှုကို ပိုပြီး လျှင်လျှင်မြန်မြန် ဖြစ်ပေါ်လာစေနိုင်တာကိုပဲ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ မနှစ်ကဆိုရင် မေလအတွင်း ဒေသတွင်းမှာ ဖြစ်ခဲ့တဲ့ အပူလှိုင်းကြောင့် လူ ၂၅၀၀ လောက် သေဆုံးခဲ့ရပါတယ်။ အခုအချိန်မှာတော့ ဇွန်လမှာရွာရမယ့် မုတ်သုန်မိုးကို ပြည်သူတွေက မျှော်လင့်နေကြပါတယ်။ တကယ်တော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ ပြည်နယ် ၂၉ ပြည်နယ်ထဲက ၁၀ ပြည်နယ်မှာ ရရှိသင့်တဲ့ မုတ်သုန်မိုးရဲ့ ပျမ်းမျှအဆင့်ထက် ပိုနည်းတဲ့ မိုးရေချိန်ကို ၂ နှစ်ဆက်တိုက် ခံစားခဲ့ရပြီးတဲ့ နောက်မှာတော့ ရေမလုံလောက်မှုဟာ ဆိုးဆိုးဝါးဝါး ဖြစ်လာခဲ့ပြီး ပြည်သူလူထုဟာ အစားအစာ ပြတ်လပ်မှုနဲ့ ပြည်သူ့ဘ၀ အသက်မွေးမှုဟာလည်း ဆိုးဆိုးဝါးဝါး ပျက်ယွင်းနေခဲ့ပါတယ်။ တချို့ ပြည်နယ်ဒေသတွေမှာတော့ ၃ နှစ်ဆက်တိုက် မိုးခေါင်ရေရှား ကပ်ဘေးသင့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသလို သီးနှံထုတ်လုပ်မှုမှာ ဆုံးရှုံးမှုတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်းက အဲဒီဒေသတွေ အတွင်းမှာ ရှိသင့်တဲ့ မိုးရေချိန် ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းထက် လျော့နည်းတဲ့ မိုးရေချိန်ပမာဏကိုပဲ ရရှိခဲ့ကြပေမယ့် ပုံမှန်ရနေကျ  မိုးရေချိန် ပမာဏလောက်ပဲ ရရှိခဲ့ကြတယ်လို့ သတ်မှတ်လိုက်တာတွေလည်း ရှိခဲ့ပါတယ်။ နိုင်ငံရဲ့ အစိတ်အပိုင်း အတော်များများမှာ မတ်လကတည်းက ပြင်းပြင်းထန်ထန် အပူလှိုင်းဒဏ်ကို ခံစားခဲ့ရတာဖြစ်ပြီး အပူချိန်တွေဟာ ဧပြီလ ပထမပတ်မှာတော့ မကြုံစဘူး ၄၅ ဒီဂရီ ဆဲလ်စီးရပ်အထက်ကို ရောက်ရှိ ခံစားခဲ့ရပါတယ်။ တောင်သူလယ်သမားပေါင်း ၂၀၀၀ ကျော်ဟာ စိုက်ပျိုးရာသီ အတွင်းမှာပဲ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်အတွင်း မဟာရာ့ရှ်ထရာပြည်နယ် တခုတည်းမှာကိုပဲ ဖြစ်ပွားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုပေါင်း ၁၈၄၁ ကို ကျော်လွန်သွားတဲ့ အခြေအနေ ဖြစ်ခဲ့ရပါတယ်။ ဒီလို လယ်သမားတွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြတာဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းမှုကို နိုင်ငံရေးအရ အုပ်စိုးသူ အစိုးရကြောင့်လို့ တိတိလင်းလင်း မပြောခဲ့ပေမယ့် အုပ်စိုးသူ အစိုးရမှာ တာဝန်အပြည့်အ၀ ရှိနေတယ် ဆိုတာကတော့ ရှင်းပါတယ်။ လယ်သမားတွေဟာ ရေသိပ်ရှားပါးလွန်းလာတဲ့ အချိန်မှာ သူတို့ရဲ့ကိုယ်ပိုင် ကျွဲနွား တိရစ္ဆာန်တွေကို ချရောင်းပစ်ခဲ့ရတာတွေကလည်း မဟာရာ့ရှ်ထရာမှာ အများကြီး တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။ ကျနော် အထက်မှာ တင်ပြခဲ့တဲ့ မိုးခေါင်ရေရှားမှု ကပ်ဘေးကြောင့် အိန္ဒိယနိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ ဖြစ်တဲ့ လူဦးရေ သန်း ၃၃၀ အတွက် စားရေရိက္ခာ မလုံလောက်မှု ဖြစ်နေတာကတော့ ပကတိ အရှိတရားကို လက်ခံစဉ်းစားမှုအပေါ် အတော်လေး အလေးအနက် ထားရမယ့်ကိစ္စလို့ ပြောရမှာပါပဲ။ အခုအချိန်မှာ အိန္ဒိယနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အပူလှိုင်းကြောင့် ဆိုးဝါးပြင်းထန်တဲ့ ဒဏ်ကို မတ်လကုန်ကတည်းက ခံစားခဲ့ကြရတာဖြစ်ပြီး အပူချိန်ဟာ ဧပြီလ ပထမပတ်ကစပြီး မကြုံစဘူး ၄၅ ဒီဂရီ ဆဲလ်စီးရပ် အထက်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြင်းထန်တဲ့ ရာသီဥတုရဲ့ဒဏ်ကို အလူးအလဲ ခံစားနေကြရတဲ့ တောင်သူလယ်သမားတွေဟာ ပျက်ယွင်းနေတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကြောင့် အပြင်းအထန် စိတ်ထိခိုက် စိတ်ဓာတ်ကျပြီး ၂၀၁၆ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုပေါင်း ၁၁၆ ယောက်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ထဲမှာ လယ်သမား ၂၀၀၀ ကျော် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ နောက်ထပ်ဖြစ်ပေါ်လာတဲ့ အရေးကြီးတဲ့ ပြဿနာကတော့ အိန္ဒိယနိုင်ငံက မိုးခေါင်ရှေရား ကပ်ဘေးသင့်ဒေသတွေက ပြည်သူလူထုဟာ သောက်သုံးရေရရှိဖို့ နေရင်းဒေသက စွန့်ခွာလာကြတာတွေ ရှိသလို ရေရရှိရေးအတွက် ကိုယ့်ရပ်ကိုယ့်ဒေသနဲ့ အလှမ်းဝေးတဲ့ နေရာတွေအထိ သွားရောက်ကြတာတွေ ရှိလာကြတဲ့အတွက် လူမှောင်ခို ကုန်ကူးသူတွေက ရေအလွယ်တကူရသလို ဘ၀ကို သက်တောင့်သက်သာ ဖြတ်သန်းရမယ့် နေရာတွေကို ပို့ပေးမယ်ဆိုတဲ့ စည်းရုံးသိမ်းသွင်းမှုတွေနဲ့ ဖျားယောင်းသွေးဆောင် လူကုန်ကူးမှုတွေလည်း အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ တွေ့ရှိလာရတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြလာတာ တွေ့လာရပါတယ်။ ဒီအခြေအနေတွေကို အိန္ဒိယအစိုးရက နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့ပေမယ့် ခုချိန်ထိ ဖြေရှင်းလို့ မရသေးဘဲ အိန္ဒိယရဲ့ အခြေခံတောင်သူလယ်သမားတွေရဲ့ ဘ၀ဟာ ခုချိန်ထိ နာလန်မထူနိုင်သေးဘူးလို့ ဆိုရပါလိမ့်မယ်။ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ များပြားလှတဲ့ လူဦးရေနဲ့ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကြောင့်လို့ ပြောမယ်ဆိုရင်လည်း မှားမယ်မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း နှစ်ပေါင်းများစွာ သောက်သုံးရေ မလုံမလောက်နဲ့ နေကြရ၊ သောက်သုံးရေရရှိဖို့ ဝေးလံတဲ့ နေရာတွေအထိ သွားရောက်ရေခပ်နေကြရတဲ့ တောင်သူလယ်သမားတွေ အများကြီး ရှိနေကြတယ်ဆိုတာ ဒီကနေ့ သတင်းမီဒီယာတွေမှာ တွေ့မြင်နိုင်လာကြပါပြီ။ စစ်အစိုးရအဆက်ဆက် နှစ်ပေါင်း ၅၀ ကျော် ဒီလို သောက်သုံးရေ ရရှိရေးမရှိ၊ လျှပ်စစ်မီးမရှိ နေထိုင်လာခဲ့ကြရတဲ့ ကျေးလက်တောရွာတွေက အခြေခံ တောင်သူလယ်သမားတွေရဲ့ဘ၀ကို ဘာမှ ထူးထူးခြားခြား တိုးတက်ပြောင်းလဲအောင် လုပ်မပေးခဲ့ဘဲ ကိုယ်ကျိုးစီးပွားပဲ ရှာခဲ့ကြလို့ ခုချိန်ထိ ဆင်းရဲတွင်းနက်နေကြဆဲ ဖြစ်တယ်ဆိုတာ မြင်သာထင်ရှား တွေ့နေရပါတယ်။ ခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရ (ခုချိန်ထိ စစ်တပိုင်း) ကရော အိန္ဒိယနိုင်ငံမှာလို ဖြစ်ပျက်နေဆဲဖြစ်တဲ့ အခြေခံ တောင်သူလယ်သမားတွေရဲ့ နွံနစ်နေဆဲ ဘ၀တွေကို ကယ်တင်နိုင်ပါ့မလား… ကျနော်တို့ မကြာခင် တွေ့လာတော့မှာ ဖြစ်ပါတယ်။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024