ပင်လောင်းတွင် လေပြင်းတိုက်၍ ရှေးဟောင်းဟော်နန်းပြိုကျ
နန်းမြနဒီ
·
May 2, 2016
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်မှာ မေလ ၁ ရက်နေ့ညက လေပြင်းတိုက်တဲ့အတွက် အရှေ့ပိုင်းရပ်ကွက်ရှိ ပင်လောင်းစော်ဘွားတွေနေထိုင်ခဲ့ရာ ရှေးဟော်နန်း အဆောက်အဦ ပြိုကျပျက်စီးခဲ့ပါတယ်။
မနေ့ညက မိုးရောလေပါတိုက်ခတ်တဲ့အတွက် ဟော်နန်းရဲ့ အနောက်ဘက် အဆောင်ပြိုကျသွား တာလို့ ပင်လောင်းစော်ဘွားရဲ့ သားဖြစ်သူ စ၀်မောက်ခမ်းဆိုင်က ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ည ၆ နာရီကျော်မှာ မိုးသားတွေတက်လာတဲ့အတွက် ကျနော်တို့လည်းဟော် အတွက် စိုးရိမ်ပြီး အထဲက အရေးကြီးပစ္စည်းနဲ့ ဘုရားဆင်းထုတော်တွေ ရွှေ့ထားတယ်။ မိုးက ၁ နာရီကျော်ကြာရွာတယ်၊ မိုးသီးတွေလည်းပါတယ်။ သိပ်တော့မကြီးပါဘူး။ ဒါပေမယ့်ဟော်ရဲ့ အနောက်ဘက်အဆောင်ပြိုသွားတယ်။”
လေပြင်းတွေကြောင့် သစ်ပင်နဲ့ ဓာတ်တိုင်တချို့ ယိုင်နဲ့ ကျိုးကျပေမယ့်လည်း တခြားလူနေအိမ်နဲ့စိုက်ပျိုး ခင်းတွေတော့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါဟော်နန်းမှာ လူနေထိုင်ခြင်းမရှိဘဲ နောင်လာနောက်သားတွေ လေ့လာနိုင်တဲ့နေရာ တစ်ခုအဖြစ် မိသားစုက ထိန်းသိမ်းထားတာပါ။
ဒါပေမယ့် ငွေကြေးအခက်အခဲကြောင့် ထိထိရောက်ရောက်မွမ်းမံထိန်းသိမ်းနိုင်ခြင်းမရှိကြောင်း ၊ အခုလို ပြိုကျသွားတဲ့အခါမှ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ၀ိုင်းဝန်းပြုပြင်ထိန်းသိမ်းပေးဖို့ ဆန္ဒရှိတယ်လို့ စ၀်မောက်ခမ်းဆိုင်က ပြောပါတယ်။
ပင်လောင်းစော်ဘွား ၁၆ ဆက်ရှိပြီး နောက်ဆုံးစော်ဘွားက သီရိပျံချီစ၀်မိုးကျော်ဖြစ်ပါတယ်။ စော်ဘွားကြီးဟာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရလက်ထက် အာဏာသိမ်းစဉ် အခြား ရှမ်း စော်ဘွားများနဲ့အတူ ဖမ်းဆီးထောင်ချခံရပါတယ်။
ထောင်ကပြန်လွတ်အပြီး ၂ နှစ်အကြာ မှာ စော်ဘွားကြီးကွယ်လွန်သွားပြီး ကြင်ယာတော် စ၀်နန်းလှတင်နဲ့ သားတော် ၃ ဦး သမီးတော် ၁ ဦး ကျန်ရစ်ပါတယ်။
ဓာတ်ပုံ - ZOMZ