ကင်ညာတွင် မိုးသည်းထန်မှုကြောင့် ၆ ထပ်အဆောက်အဦ ပြိုကျ၊ လူ ၁၆ ဦး သေဆုံး (ရုပ်သံ)

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီရဲ့ အရှေ့ဘက်က ဟူရူမာဒေသမှာ မိုးသည်းထန်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ ညက ၆ ထပ် လူနေအဆောက်အဦ ပြိုကျခဲ့လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
ပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံးတယ်လို့ အတည်ပြုထားသလို ကြက်ခြေနီအသင်းကလည်း တခြားလူ ၆၉ ဦး ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
တခြားအာဖရိကဒေသတွင်း နိုင်ငံအများအပြားမှာလိုပဲ ကင်ညာနိုင်ငံမှာ အဆောက်အဦတွေ မကြာခဏ ပြိုကျလေ့ ရှိပါတယ်။
ခုဖြစ်ရပ်က လတ်တလောနှစ်တွေထဲမှာ အဆိုးရွားဆုံးပါ။
ဆင်ခြေဖုံးရပ်ကွက်ရဲ့ လမ်းက ရေလွှမ်းနေပြီး လမ်းမျက်နှာပြင်ပေါ်က ချိုင့်တွေ ကျင်းတွေကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဟာ အခင်းဖြစ်ရာကို ရောက်ဖို့ ကြိုးစားခဲ့ရပါတယ်။
ပထမပိုင်း နာရီနည်းနည်းအတွင်း လူအယောက် ၁၃၀ ကျော်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
မေ ၁ ရက်နေ့မှာတော့ ပိတ်မိနေဆဲ လူတွေအတွက် မျှော်လင့်ချက်တွေ လျော့ပါးခဲ့ပါတယ်။
ဒီရပ်ကွက်ဟာ မြို့တော် နိုင်ရိုဘီရဲ့ အဆင်းရဲဆုံး ဆင်ခြေဖုံးဖြစ်ပြီး ဈေးပေါတဲ့ အဆောက်အဦတွေ ဖန်တီးဖို့ ကြပ်ညပ်နေပါတယ်။
ပြိုကျအဆောက်အဦဟာ ဆောက်လုပ်မှု ခွင့်ပြုချက် မရှိဘူးလို့ မြို့အရာရှိတွေက ပြောပါတယ်။
မိုး ၃ ရက် ဆက်ရွာလို့ မြို့တွင်းလမ်းတွေ ရေလွှမ်းနေပါတယ်။
မြို့တော်နေ လူတွေက နောက်ထပ် အဆောက်အဦတွေ ပြိုကျမှာကို ကြောက်ရွံ့နေတာပါ။
မြို့တလွှား ဆင်းရဲသားရပ်ကွက်တွေက ရာနဲ့ချီတဲ့ လူတွေကို သူတို့အိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။