ဘာသာပေါင်းစုံချစ်ကြည်ရေး ရန်ကုန်တွင် လမ်းလျှောက်မည်
ပိုင်စိုး
·
May 2, 2016
ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးနဲ့ ဘာသာရေးကြောင့် ဖြစ်နေတဲ့ ပြဿနာတွေ ပြေလည်စေဖို့ ဘာသာပေါင်းစုံ စုပေါင်းလမ်းလျှောက်ပွဲတခုကို ရန်ကုန်မှာ လုပ်ဖို့ စီစဉ်နေပါတယ်။
ရန်ကုန်နိုင်ငံရေးသိပ္ပံက ကျောင်းသားကျောင်းသူတွေက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး မေလ ၅ ရက်နေ့ ညနေ ၃ နာရီမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
လမ်းလျှောက်တာကို ကျောက်မြောင်းဈေးနားက ဘဟာအီသာသနာ ရုံးချုပ်ရှေ့ကနေ မဟာဗန္ဓုလပန်းခြံအထိ ပြုလုပ်မှာပါ။
“လမ်းတလျှောက်မှာ ကိုစောဖိုးခွားတို့က သီဆိုဖျော်ဖြေသွားမယ်။ မြို့တော်ခန်းမရှေ့မှာတော့ ဘာသာအသီးသီးက ဆရာတော်တွေက တရားဟောပြောကြမှာပါ”လို့ ဦးဆောင်စီစဉ်သူ တစ်ယောက် ဖြစ်တဲ့ ကိုထက်အောင်လင်းက ဒီဗွီဘီကို ပြောပါတယ်။
ဘာသာပေါင်းစုံဟာ အတူတူနေထိုင်နိုင်တယ်ဆိုတာ ပြသဖို့ဖြစ်ပြီး လူငယ်တွေကို အဓိကထား စည်းရုံးနေတယ်လို့ သူက ဆိုပါတယ်။ လမ်းလျှောက်ရာမှာတော့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ဂျူး၊ ဆစ်ခ် စတဲ့ ဘာသာတွေက ကိုးကွယ်သူတွေကိုလည်း ပါဝင်နိုင်ဖို့ ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။
“ကျနော်တို့ လောကီအစိုးရကိုပဲ လိုချင်ပါတယ်။ လောကုတ္တရာ အစိုးရကို မလိုချင်ပါဘူး။ မြန်မာ့လွတ်လပ်ရေး ကြေငြာစာတမ်းအတိုင်းပဲ ဖြစ်စေချင်ပါတယ်” လို့လည်း ကိုထက်အောင်လင်းက ဆက်ပြောပါတယ်။