အာဖရိကဆင်ဆွယ် တန်ချိန် ၁၀၀ ကျော် မီးရှို့ဖျက်ဆီး (ရုပ်သံ)

မျိုးတုံးပျောက်ကွယ်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အာဖရိကဆင်တွေကို ကာကွယ်ရေးလှုပ်ရှားမှုအနေနဲ့ ဆင်စွယ် တန်ချိန် ၁၀၀ ကျော်ကို ဧပြီ ၃၀ ရက်နေ့က ကင်ညာနိုင်ငံမှာ မီးရှို့ဖျက်ဆီးနေပါတယ်။ နိုင်ရိုဘီ အမျိုးသားကာကွယ်တောအတွင်း စုပုံထားတဲ့ ဆင်စွယ်ပုံ ၁၁ ပုံထဲက ပထမဆုံးတပုံကို ကင်ညာသမ္မတ ကန်ရက်တာ Kenyatta ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီဆင်စွယ် တန်ချိန် ၁၀၀ ကျော်ဟာ ကင်ညာနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ ဆင်စွယ်အားလုံး နီးပါးဖြစ်ပြီး ဆင်အကောင်ရေ ၆၇၀၀ နီးပါးကို သတ်ဖြတ်၊ ဖြတ်ယူထားတာပါ။ ကင်ညာနိုင်ငံမှာ လက်ခံကျင်းပခဲ့တဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ထိပ်သီးညီလာခံအတွင်း အာဖရိကနိုင်ငံခေါင်းဆောင်တွေက ဒီဆင်စွယ်မှောင်ခိုလုပ်ငန်း ပပျောက်ရေးတိုက်တွန်းခဲ့အပြီး အခုလို ဆင်စွယ်တွေကို မီးရှို့ဖျက်ဆီးလိုက်တာပါ။ အာဖရိကဆင်တွေဟာ လာမယ့်ဆယ်စုနှစ်တွေအတွင်း မျိုးတုံးပျောက်ကွယ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဒီဆင်စွယ်တွေဟာ သမိုင်းမှာ အများဆုံးမီးရှို့ဖျက်ဆီးမှုဖြစ်ပြီး အခုလို များပြားတဲ့ ဆင်စွယ်တွေကို မီးရှို့ဖျက်ဆီးမှုကို ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။ အခုလို စံချိန်တင် မီးရှို့ဖျက်ဆီးတဲ့အတွက် ဆင်စွယ်တွေ ပိုမိုရှားပါးတန်ဖိုးတက်လာပြီး မှောင်ခိုလုပ်ငန်းကို ပိုပြီး အားပေးသလိုဖြစ်မယ်လို့ ကန့်ကွက်သူတွေကပြောဆိုကြတာပါ။ ကင်ညာသမ္မတကတော့ ဒီဆင်စွယ်မှောင်ခိုရောင်းဝယ်ရေးကြောင့် ဆင်တွေလည်း သေဆုံး၊ ဒေသခံကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းတွေလည်း ပျက်စီးရတယ်လို့  ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up