သုံးပွင့်ဆိုင် ပူးပေါင်းပြီး နိုင်ငံဖွံ့ဖြိုတိုးတက်ရန် ဆောင်ရွက်မည်ဟု သမ္မတပြော

1.7K
အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှု နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမယ်လို့ သမ္မတဦးထင်ကျော်က ပြောလိုက်ပါတယ်။
မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့သ၀ဏ်လွှာမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး အခုလက်ရှိမှာလည်း အလုပ်သမားရေးရာ အငြင်းပွားမှုတွေကို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ သုံးပွင့်ဆိုင်စနစ်နဲ့ ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးရေးတို့အတွက် ဥပဒေတွေ ပြဋ္ဌာန်းကာ ဆောင်ရွက်ပေးနေပါတယ်လို့ ဖော်ပြလိုက်ပါတယ်။
ခေတ်စနစ်အခြေအနေတွေနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ ဥပဒေတွေကိုလည်း ပြင်ဆင်ရေးဆွဲဆောင်ရွက်လျက်ရှိတယ်။ ပြည်တွင်း၊ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ Complaints Mechanism Center တစ်ခုစီကို ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားလာတဲ့ အလုပ်သမားရေးရာကိစ္စတွေကို ၂၄ နာရီ လက်ခံဖြေရှင်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လိုအပ်တဲ့သတင်း အချက်အလက်တွေကို မျှဝေနိုင်ဖို့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး ၁၁ မြို့မှာ ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ ကူညီပေးရေးဗဟိုဌာန (Migrant Resources Center-MRC) တွေ ဖွင့်လှစ်ခဲ့ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်သလို၊ အားနည်းလိုအပ်ချက်တွေ တွေ့လာရတဲ့အခါမှာလည်း သင့်လျော်တဲ့ပြုပြင်မှုတွေကိ အလေးထားဆောင်ရွက်သွားမယ်လို့လည်း ဦးထင်ကျော်ရဲ့ အလုပ်သမားနေ့သ၀ဏ်လွှာက ဆိုပါတယ်။
အလုပ်သမားတွေ အပါအဝင် ပြည်သူတွေ လူမှုရေးကာကွယ်စောင့်ရှောက်မှု ရရှိစေဖို့၊ လူမှုဘဝလုံခြုံမှုရရှိ စေဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အစွမ်းကုန်အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း သမ္မတဦးထင်ကျော်က ပြောပါတယ်။