မြောက်ကိုရီးယားကို ဆန့်ကျင်သည့်စာတန်းပါ မိုးပျံပူဖောင်းများ လွှတ်တင်

1K
တောင်ကိုရီးယားဘက်မှာ ခိုလှုံနေကြတဲ့ မြောက်ကိုရီးယားသားတွေဟာ ပြုံယမ်းကို ဆန့်ကျင်တဲ့ စာတမ်းတွေကို မိုးပျံပူဖောင်းမှာ ချိတ်ပြီး ဧပြီ ၂၉ ရက်နေ့က လွှတ်တင်ကြပါတယ်။
မိုးပျံ ပူဖောင်း ၁၀ လုံးမှာ စာတမ်းသုံးသိန်း ပါဝင်ပြီး နယ်စပ်မြို့ဖြစ်တဲ့ ပါဂျူးကနေ လွှတ်တင်ကြတာပါ။ တောင်နဲ့ မြောက်ကိုရီးယားတို့ကြားမှာ ဆက်ဆံရေး တင်းမာနေတဲ့အချိန်၊ မြောက်ကိုရီးယားမှာ အလုပ်သမားပါတီရဲ့ ညီလာခံ ကျင်းပတော့မယ့်အချိန်နဲ့ တိုက်ဆိုင်ပြီး ဒီလှုပ်ရှားမှုကို ပြုလုပ်တာပါ။
မြောက်ကိုရီးယား အလုပ်သမားပါတီ (WPK) ရဲ့ အခု ညီလာခံဟာ ၃၆ နှစ်အတွင်းမှာ ပထမဆုံး ဖြစ်ပါတယ်။
မြောက်ကိုရီးယားကနေ ဘက်ပြောင်းခဲ့သူ ပါ့ခ် ဆန်ဟက်ခ် Park Sang-hak က မြောက်ကိုရီးယား ပြည်သူတွေက စွန့်ပစ်ခဲ့ကြ၊ ကျိန်ဆဲနေခဲ့ကြတဲ့ အလုပ်သမားပါတီရဲ့ နေ၀င်ချိန်က မဝေးတော့ဘူးလို့ ပြောပါတယ်။
မေလ ၆ ရက်နေ့မှာ ပါတီညီလာခံ စတင်မှာဖြစ်လို့ မြောက်ကိုရီးယားမှာတော့ လုံခြုံရေး တင်းကြပ်ထားပါတယ်။
မြောက်ကိုရီးယားဟာ ဇန်န၀ါရီလက လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်ခဲ့ပြီး နျူကလီးယား လက်နက်နဲ့ မစ်ဇိုင်း ဒုံးကျည်တွေ စမ်းသပ်မှုတွေကို အရှိန်မြင့် လုပ်ဆောင်နေပါတယ်။
ဒီလို စမ်းသပ်မှုတွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဆန့်ကျင်နေတဲ့အတွက် ကုလသမဂ္ဂကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့်ချမှတ်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း မြောက်ကိုရီးယာဟာ တာလတ်ပစ် မစ်ဇိုင်း ဒုံးကျည် စမ်းသပ်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်လုံး မအောင်မြင်ခဲ့ဘူးလို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။