လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ဆေးရန် ကင်တားနား တောင်းဆို
DVB
·
August 25, 2011
အစိုးရသစ်လက်ထက် မြန်မာပြည်မှာ တိုးတက်မှုတွေ ရှိလာတယ် ဆိုပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အလွန်စိုးရိမ်နေရတုန်းဖြစ်လို့ အမြန်ဆုံး စစ်ဆေးဖော်ထုတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက အစိုးရကို တောင်းဆိုလိုက်ပါတယ်။
[caption id="attachment_14755" align="alignleft" width="300" caption="မစ္စတာ ကင်တားနား သတင်းစာရှင်းပွဲ ပြုလုပ်နေစဉ်"][/caption]
မြန်မာပြည်ခရီးစဉ်အပြီး ပြန်လည်ထွက်ခွာခါနီး ရန်ကုန် မင်္ဂလာဒုံလေဆိပ် သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ထောမတ်စ် အိုဟေး ကင်တားနားက ဒီလိုပြောကြားသွားတာပါ။
လူ့အခွင့်အရေးကိစ္စတွေ အများကြီးဖြေရှင်း၊ ဖော်ထုတ်ဖို့ ရှိနေတုန်းပဲလို့ ကင်တားနားက ပြောကြားသွားပြီး နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ နီးပါးကို လွှတ်ဖို့လည်း တောင်းဆိုကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။
ကင်တားနားနဲ့ အဖွဲ့ဟာ ရန်ကုန် အင်းစိန်အကျဉ်းထောင်ထဲကို သွားရောက် လေ့လာသွားပြီး နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံခွင့် ရသွားပါတယ်။ စစ်ကြောရေးကာလမှာ ရက်ပေါင်းများစွာ မအိပ်ရတာ၊ နူးညံ့တဲ့ ခန္ဓာကိုယ်အပိုင်းတွေ မီးတို့တာ အပါအဝင် ညှဉ်းပန်းနှိပ်စက်ခံရတာတွေကို ကြားသိခဲ့ရတယ်လို့ ကင်တားနားက ပြောပါတယ်။
အကျဉ်းသားတွေကို စစ်တပ်က ပေါ်တာအဖြစ် ခိုင်းစေတာတွေကိုလည်း သိလာရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသားဒေသတွေက စစ်မက်ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ ပြည်သူတွေ သတ်ဖြတ်မှု၊ အဓမ္မပြုခံမှု၊ ဖမ်းဆီးညှဉ်းပန်းမှု၊ ကလေးတွေကို စစ်သားအဖြစ်ရော အဓမ္မလုပ်အားပေးအဖြစ်ပါ ခိုင်းစေမှုတွေ ကျူးလွန်နေတာတွေကိုလည်း သတင်းထောက်တွေကို ထုတ်ဖော် ပြောကြားသွားပါတယ်။
မစ္စတာကင်တားနားဟာ မြန်မာပြည် ၅ ရက်ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံသွားပါတယ်။