ဘုရားကျောင်းထဲ တရုတ်ဘုန်းကြီး ၃ ပါးရန်ပွဲ ဝေဖန်မှုမြင့်တက် (ရုပ်သံ)

3.8K
တရုတ်နိုင်ငံ၊ ကျန်းဆုခရိုင်၊ ရန်ကျိုးမြို့က နင်ဂူယို ဗုဒ္ဓဘာသာ ဘုရားကျောင်းထဲမှာ ဧပြီ ၂၄ ရက်နေ့ကဖြစ်ခဲ့တဲ့ ဘုန်းကြီး ၃ ပါးပါဝင်တဲ့ ရန်ပွဲ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဖေ၀န်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
တရုတ်အခြေစိုက် thepaper.cn သတင်းရဲ့ အဆိုအရ အဆိုပါဘုန်းကြီးတွေဟာ အလယ်အလတ်အဆင့် ၀ါရဘုန်းကြီးတွေဖြစ်တယ်လို့ ဆိုပါတယ်။
စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ ရန်ဖြစ်နေကြတဲ့ ဘုန်းကြီးတွေကို တခြားကျောင်းဝင်းထဲက ဘုန်းကြီးတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေက ဖျန်ဖြေနေကြတာကို တွေ့ရပါတယ်။
ဘုန်းတော်ကြီးကျောင်းရဲ့ အုပ်ချုပ်သူ အကြီးအကဲ ဘုန်းကြီးက အဲဒီဘုန်းကြီး ၃ ပါးကို ကျောင်းကနေ ထုတ်ပယ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကျောင်းအုပ်ချုပ်သူ ဘုန်းကြီးက တရုတ်လူမှုကွန်ရက်စာမျက်နှာ ၀ီချက် (Wechat) မှာတော့ ဒါဟာ ဗုဒ္ဓရဲ့ အဆုံးအမကို ချိုးဖောက်တာဖြစ်ပြီး အဖွဲ့အစည်းအတွက် မကောင်းတဲ့ ဥပမာတရပ်ဖြစ်တယ်လို့ ပြောလိုက်တာပါ။
ရုပ်သံဗွီဒီယိုဖိုင် ပျံ့နှံ့ပြီးနောက်မှာတော့ ဒါဟာ အင်တာနက် အသုံးပြုသူတွေအကြား ဆွေးနွေးငြင်းခုံစရာ ကိစ္စတခု ဖြစ်လာခဲ့တာပါ။
အက်ဒေါ့ဖ်အမည်နဲ့ အသုံးပြုသူတဦးက “ခုခေတ်မှာ ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးတချို့ဟာ ဗုဒ္ဓအဆုံးအမနဲ့ သွေဖည်နေကြပါပြီ။ သာမန်လူတွေကတောင် ဘုန်းကြီးတွေထက် ဘာသာတရား ပိုပြီး ကိုင်းရှိုင်းကြပါသေးတယ်” လို့ ဝေဖန်ခဲ့ပါတယ်။