အမေရိကန်နိုင်ငံသားကို မြောက်ကိုရီးယားက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်

A man, who identified himself as Kim Dong Chul, previously said he was a naturalised American citizen and was arrested in North Korea in October, attends a news conference in Pyongyang, North Korea, in this undated photo released by North Korea's Korean Central News Agency (KCNA) in Pyongyang March 25, 2016. REUTERS/KCNA
699
မြောက်ကိုရီးယား နိုင်ငံတော် တရားရုံးချုပ်က တောင်ကိုရီးယားမှာ မွေးတဲ့ အမေရိကန် နိုင်ငံသားတဦးအား မြောက်ကိုရီးယား လူမှုရေး စနစ်ကို အဖျက်အမှောင့် လုပ်ဆောင်မှု၊ နိုင်ငံတော်နဲ့ စစ်တပ်ရဲ့ သတင်းအချက်အလက်တွေကို သူလျှိုလုပ်မှုတွေအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆယ်နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
၁၉၅၃ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ကင်မ်ဒုံချိုးဟာ အမေရိကန်နိုင်ငံကို ၁၉၇၂ ခုနှစ်က ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။
၂၀၀၅ မှာ ကင်မ်ဟာ မြောက်ကိုရီးယားနယ်စပ်နဲ့ ဆယ်ကီလိုလောက်ဝေးတဲ့ တရုတ်မြို့ဆီ ပြောင်းလာခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ဟမ်ဂျောင်းခရိုင်မြောက်ပိုင်းက ရာစံ အထူးစီးပွားရေးဇုန်မှာ ဒုံမြောင်းဆိုတဲ့ နာမည်နဲ့ ကုန်သွယ်ရေး ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ အဲဒီဇုန်မှာ တရုတ် စီးပွားရေး လုပ်ငန်း အတော်များများ လုပ်ငန်း လည်ပတ်နေတာပါ။
ကင်မ်ဟာ ကုမ္ပဏီ ထူထောင်အပြီး မြောက်ကိုရီးယား အစိုးရကို ဆန့်ကျင်တဲ့ ဝါဒဖြန့်တာတွေ အဆက်မပြတ် လုပ်ခဲ့တယ်၊ ဒေသခံ ပြည်သူတွေကိုလည်း အမေရိကန်နိုင်ငံရဲ့ ကြီးကျယ်မှုတွေကို ပြောဆိုသွေးထိုးပေးခဲ့ပြီး နိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေးစနစ် တည်ငြိမ်မှုကို လှုပ်ခါအောင် လုပ်ခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။
၂၀၁၃ ကစပြီး တောင်ကိုရီးယားနိုင်ငံသား အများအပြားနဲ့ ဆက်သွယ်ရင်း ပါတီနိုင်ငံနဲ့ စစ်ရေး လျှို့ဝှက်ချက်တွေကို ထောက်လှမ်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
သူ့ကို ၂၀၁၅ အောက်တိုဘာ ၂ ရက်နေ့က ရာစံမြို့ခံ တယောက်ဆီက မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေနဲ့ ဒေသတွင်း ဈေးတွေရဲ့ ဓာတ်ပုံတွေ ပါတဲ့ SD ကတ်တခု လက်ခံနေချိန်မှာ ဖမ်းခဲ့တာလို့ ရှေ့နေက ပြောပါတယ်။
ဒီသတင်း အချက်အလက်တွေကို ကင်မ်က ဝယ်ခဲ့တာလို့လည်း ဆိုပါတယ်။ ကင်မ်က စွဲချက်တွေကို ဝန်ခံပြီး သူ့ရာဇဝတ်မှုတွေအတွက် နောင်တရတယ်လို့ ပြောပါတယ်။ သူဟာ တရားရုံးမှာလည်း သက်ညှာခွင့်အတွက် အသနားခံသွားမှာ ဖြစ်ပါတယ်။