အီတလီတွင် အကြမ်းဖက်တိုက်ခိုက်မည့် သံသယရှိ လူ ၄ ဦးကို ဖမ်းဆီး

706
အီတလီရဲတွေဟာ အရှေ့အလယ်ပိုင်းမှာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်ပြီး အီတလီမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သံသယရှိတဲ့ လူ ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မီလန်မြို့ အစိုးရရှေ့နေက ဧပြီ ၂၈ ရက်နေ့က ပြောပါတယ်။
အီတလီ မြောက်ပိုင်း ဗာဆေးမြို့နားမှာ ဖမ်းမိတဲ့ အမျိုးသားရဲ့ ရုပ်သံကို ရဲတွေက ဖြန့်ချိလိုက်ပါတယ်။
ဘယ်လ်ဂျီယံနဲ့ ပြင်သစ်မှာ လတ်တလော လတွေအတွင်း အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့် အီတလီကတော့ တိုက်ခိုက် မခံခဲ့ရပါဘူး။
ဒါပေမယ့် အာဏာပိုင်တွေက သံသယရှိသူတွေကို ပုံမှန် ဖမ်းဆီးနေပြီး တချို့ကိုတော့ တိုက်ခိုက်ဖို့ အကွက်ချနေတာလို့ စွပ်စွဲခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းအဖြစ် ရဲတွေက မော်ရိုကို နိုင်ငံသားတယောက်နဲ့ အီတလီ ဇနီးသည် ဝရမ်းပြေး ၂ ဦးကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။
သူတို့ဟာ မနှစ်က အီတလီကနေ ထွက်ခွာပြီး အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ အီရတ်နဲ့ ဆီးရီးယားကို ဦးတည်သွားခဲ့တာပါ။
သံသယရှိသူ တယောက်က အီတလီနိုင်ငံထဲမှာ တိုက်ခိုက်ရေး စီစဉ်ဖို့ တခြားလူကို ခိုင်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြတယ်လို့ မီလန်မြို့ အစိုးရရှေ့နေက ဧပြီ ၂၈ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အရင်လကလည်း အီတလီတောင်ပိုင်းက ရဲတွေဟာ အသက် ၂၂နှစ်အရွယ် ဆိုမာလီ ဗလီရှေ့ဆောင်ဆရာနဲ့ ခိုလှုံခွင့် တောင်းခံသူတဦးကို မြို့တော်ရုမ်းမှာ တိုက်ခိုက်ဖို့ စီစဉ်မှု သံသယနဲ့ ဖမ်းခဲ့ပါတယ်။