Home
မြန်မာသတင်း
လွှတ်တော်သက်တမ်း ၁ နှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမလုပ်ရန် ဥပဒေပြင်ဆင်မည်
DVB
·
April 29, 2016
လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပတာနဲ့ ပတ်သက်လို့  ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ၃ ခုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်တဲ့ ဒီဥပဒေမူကြမ်းမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ပါက ကြားဖြတ်ရွေးကောက်ပွဲတွေကို လွှတ်တော်ပုံမှန် သက်တမ်းရဲ့ ပထမ ၁ နှစ်နဲ့ နောက်ဆုံး ပဉ္စမမြောက်နှစ်မှာ မကျင်းပဘဲ  ဒုတိယ၊ တတိယနဲ့ စတုတ္ထနှစ်တွေမှာသာ ကျင်းပရမယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေနဲ့  တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေကို စတုတ္ထအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေမှာလည်း အလားတူ ပြင်ဆင်ချက်တွေကို ဖော်ပြထားပါတယ်။ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ မူလရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၉ မှာ တော့ လွှတ်တော်မှာ တစုံတရာ အကြောင်းကြောင့် လွှတ်တော်နေရာ လစ်လပ်ခဲ့ရင် ဥပဒေနဲ့ အညီအစားထိုး ရွေးကောက် တင်မြှောက်ရမယ်လို့သာ ပါရှိတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့  ၂၀၁၅ ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေထဲက ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာအပါအ၀င် အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်အမတ်တွေရဲ့ မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်နေရာ အနည်းဆုံး ၁၀ နေရာလောက် လစ်လပ်နေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024