အစိုးရပြောင်းသော်လည်း လူ့အခွင့်အရေးအခြေအနေ မတိုးတက်
အေးနိုင်
·
August 25, 2011
အစိုးရသစ် ပြောင်းပေမယ့် မြန်မာ့လူ့အခွင့်အရေး အခြေအနေ တိုးတက်ပြောင်းလဲ မလာပါဘူးလို့ အာရှဥပဒေအရင်းအနှီး ပင်မဌာနက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြလိုက်ပါတယ်။
[caption id="attachment_14733" align="alignleft" width="300" caption="ဦးမင်းလွင်ဦး"][/caption]
မြန်မာနိုင်ငံ တရားရုံးတွေမှာ လက်ရှိ စစ်ဆေးနေတဲ့ အခြေအနေတွေ၊ အာဏာပိုင်တွေက လူထုအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လယ်ယာမြေသိမ်းဆည်းခံရမှုတွေ၊ စာနယ်ဇင်းမှာ ကန့်သတ်မှုတွေ၊ ဘာသာရေးနဲ့ပတ်သက်လို့ ဆက်လက် ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ကလေးစစ်သားအသုံးပြုမှုတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ တင်ပြထားပါတယ်။
ဒီတင်ပြချက်နဲ့ ပတ်သက်လို့ အာရှဥပဒေအရင်းအနှီးပင်မဌာန ပြောခွင့်ရသူ ဦးမင်းလွင်ဦးက ...
“ဥပဒေအရ တားမြစ်ထားတဲ့ ကိစ္စရပ်တွေက ယခုထက်တိုင် ဆက်လက်ပြီးတော့ ကျူးလွန်နေဆဲပဲ ဖြစ်တယ်။ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေး နစ်နာမှုတွေ ဆက်လက်ရှိနေဆဲပဲဖြစ်တယ်။ ဒါတွေကို ကျူးလွန်တာက စစ်တပ်အာဏာပိုင်တွေနဲ့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကနေပြီးတော့ ကျူးလွန်နေတာတွေ ဖြစ်တယ်။ ဥပဒေ ပြဋ္ဌာန်းချက်တွေ ဘယ်လိုပဲ ရှိပါစေ၊ ဥပဒေ ပြဋ္ဌာန်းချက်တွေကို လိုက်နာခြင်း မရှိဘဲ ဆောင်ရွက်နေတာတွေ ဆက်လက်ရှိနေဆဲ ဖြစ်တဲအတွက် ကျနော်တို့က တိုးတက်မှု မရှိဘူးလို့ ပြောတာဖြစ်တယ်။”
ဒီအစီရင်ခံစာကို စက်တင်ဘာမှာလုပ်မယ့် လူ့အခွင့်အရေး ကောင်စီအစည်းအဝေးမှာ ထည့်သွင်းစဉ်းစားနိုင်အောင် လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဖြစ်စဉ်တွေကို နေရာနဲ့တကွ ထည့်သွင်းထားတာဖြစ်တယ်လို့ အဲဒီအဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက နေပြည်တော်မှာကျင်းပတဲ့ အမျိုးသားလွှတ်တော်နဲ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေမှာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကော်မတီတွေကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီလို ဖွဲ့စည်းနေတာနဲ့ပတ်သက်လို့ ဦးမင်းလွင်ဦးက “လုပ်ငန်းကော်မတီတွေ ဖွဲ့ပြီးတော့ လုပ်တာ မှန်ပါတယ်။ အဲဒီ လုပ်ငန်းကော်မတီမှာ ဥက္ကဋ္ဌဖြစ်တဲ့လူက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဖြစ်ခဲ့တဲ့ ဦးဌေးဦးဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်တာကလည်း စစ်တပ်နဲ့ ကြံ့ဖွံ့ပါတီနဲ့ နီးစပ်တဲ့ လူတွေဖြစ်တယ်။ တချို့ဆို ကြံ့ဖွံ့ပါတီဝင်တွေ ဖြစ်တယ်။ ဒါကြောင့် ဒီအမှုတွေကို ထိထိရောက်ရောက်ကိုင်တွယ် ဆောင်ရွက်နိုင်မလား ဆိုတာတွေကို ကျနော်တို့ သံသယ အများကြီး ရှိတယ်။ စောင့်ကြည့်ဖို့လိုတယ်။ ဒါကြောင့် တိုးတက်မှု ရှိတယ်လို့ လက်ငင်းအနေနဲ့ သုံးသပ်လို့ မရသေးဘူး ဆိုတာကို ကျနော်တို့ တင်ပြတာဖြစ်တယ်” လို့ ပြောပါတယ်။
(အာရှဥပဒေအရင်းအနှီး ပင်မဌာနဟာ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်နဲ့ ညီအစ်မ အဖွဲ့အစည်းတခုဖြစ်ပါတယ်။)