အငှားကိုယ်ဝန်ဆောင်နှင့် ရယူထားသည့်ကလေး အုပ်ထိန်းခွင့် မိန်းမလျာ ဇနီးမောင်နှံ ရရှိ

ဓာတ်ပုံ - အေပီ
အမေရိကန်နိုင်ငံက မိန်းမလျာ ဇနီးမောင်နှံဟာ ထိုင်းအငှားကိုယ်ဝန်ဆောင် မိခင်ကနေတဆင့် ရယူထားတဲ့ ကလေးအပေါ် မိဘအခွင့်အရေး အုပ်ထိန်းခွင့်ရဖို့ တရားရင်ဆိုင် အသနားခံရာ ဧပြီ ၂၆ ရက်က တရားရုံးမှာ အနိုင်ရခဲ့ပါတယ်။ မနှစ်က ထိုင်းအစိုးရက စီးပွားဖြစ် အငှားကိုယ်ဝန်ဆောင်မှုကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေ အတည်မပြုခင် ဒီအမှုဟာ ထင်ရှားတဲ့အမှု ဖြစ်ခဲ့တာပါ။ ထိုင်းအစိုးရက စီးပွားဖြစ် အငှားကိုယ်ဝန်ဆောင်မှုကို ဥပဒေနဲ့ မပိတ်ပင်ခင်က အမေရိကန်နိုင်ငံသား ဂေါ်ဒွန် လိပ်ခ်နဲ့ သူ့ရဲ့ စပိန်ခင်ပွန်းသည် မန်နျူရယ် စန်တို့စ်ဟာ ကာမန်လို့ ခေါ်တဲ့ ကလေးကို ထိုင်းမိခင်ဆီကတဆင့် ရယူခဲ့တာပါ။ ဒါပေမယ့် မွေးမိခင် ပါတစ်တာ ခုစိုစန်က အုပ်ထိန်းခွင့်ပေးဖို့ ငြင်းဆန်ခဲ့လို့ တရားရင်ဆိုင်ခဲ့ရပါတယ်။ အငှားကိုယ်ဝန်ဆောင်သူ ပါတစ်တာက သူတို့မောင်နှံက မိန်းမလျာတွေဖြစ်မှန်း မသိခဲ့ဘူး၊ သူတို့ဟာ မိဘဖြစ်နိုင်စွမ်း မသေချာခဲ့ဘူးလို့ ပြောပါတယ်။ စပိန်နိုင်ငံသား စန်တို့ဟာ သမီးငယ် ကာမန်ကို သူ့မိသားစုတွေနဲ့တွေ့ဖို့ စပိန်ကို ပထမဆုံး ခေါ်သွားမယ်လို့ ပြောပါတယ်။ သူတို့မောင်နှံမှာ အယ်လ်ဗာရိုလို့ခေါ်တဲ့ အိန္ဒိယမှာ အငှားကိုယ်ဝန်ဆောင်ပြီး ရယူထားတဲ့ သားတယောက်လည်း ရှိပါတယ်။ ထိုင်းနိုင်ငံမှာ အငှားကိုယ်ဝန်ဆောင် ခရီးသွားလုပ်ငန်း အဆုံးသတ်ရေး ဥပဒေဟာ မနှစ် ဇူလိုင်လမှာ စတင် အာဏာသက်ရောက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း ထိုင်းနိုင်ငံမှာ သြစတြေးလျ ဇနီးမောင်နှံက မွေးရာပါ ချို့ယွင်းချက် ဒေါင်းရောဂါ လက္ခဏာစု (Down Syndrome) ပါတဲ့ ကလေးကို မွေးမိခင် အငှားကိုယ်ဝန်ဆောင်ရဲ့ လက်ထဲမှာ စွန့်ပစ်ထားခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ပတ်သက်ပြီး တရားရုံးကို ရောက်ခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု လျော့ရဲတာကြောင့်ရော အခကြေးငွေ သက်သာတာကြောင့်ပါ ထိုင်းနိုင်ငံမှာ အငှားကိုယ်ဝန်ဆောင်မှုဟာ နိုင်ငံခြားသား ဇနီးမောင်နှံတွေကြားမှာ လူကြိုက်များခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up