တရုတ်တွင် စက်ရုပ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပ (ဓာတ်ပုံ)

2.1K
နည်းပညာဟာ လျှင်မြန်စွာပဲ တိုးတက်နေတာပါ။
ခုကာလမှာ ရိုဘော့စက်ရုပ်တွေဟာ လူတွေရဲ့ အလုပ်တွေဖြစ်တဲ့ စားပွဲထိုး၊ ငွေကိုင် စတဲ့အလုပ်တွေသာမကဘဲ သတင်းရေးသူတွေအဖြစ်ပါ အစားထိုး လုပ်ကိုင်နိုင်ပါပြီ။
သူတို့မှာလည်း လူတွေလိုပဲ ပျော်ရွှင်စရာ အားလပ်ချိန်တွေ ရှိပါတယ်။
သူတို့ဟာ ဘောလုံးကစားကြပြီး ရိုဘော့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။
ရိုဘော့ဖလား ဘောလုံးပြိုင်ပွဲ ၂၀၁၆ ကို တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဟီဖိုင်မြို့မှာ ဧပြီ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တနိုင်ငံလုံးမှ ရိုဘော့စက်ရုပ် ဘောလုံးအသင်းပေါင်း ၃၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
သုံးရက်ကြာကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ရိုဘော့ ဘောလုံးသမားတွေဟာ ဘောလုံးအားကစားစွမ်းရည်သာ မကဘဲ ကူညီကယ်ဆယ်ရေးနဲ့ အိမ်တွင်းလှုပ်ရှားမှု စွမ်းရည်တွေကိုပါ ပြသခဲ့ကြတာ ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှာ ရိုဘော့ဖလား ဘောလုံးပြိုင်ပွဲကို ၁၉၉၉ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်လို့ ဒါဟာ ၁၇ ကြိမ်မြောက် ကျင်းပတာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာသာမကပဲ တခြားနိုင်ငံတွေမှာလည်း နှစ်စဉ်ကျင်းပနေကျ ဒီပြိုင်ပွဲဟာ ရိုဘော့စက်ရုပ်တွေရဲ့ မှတ်ဉာဏ်စွမ်းရည်နဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သုတေသန လုပ်ဆောင်မှု မြှင့်တင်နိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
အံ့သြဖွယ် နောက်ထပ်တခုသော ရည်မှန်းချက်ကတော့ လာမယ့်နှစ်ပေါင်း ၅၀ ကာလအတွင်းမှာ ရိုဘော့စက်ရုပ် ဘောလုံးအသင်းအနေနဲ့ လူသားတွေ ဦးဆောင်တဲ့ ဘောလုံးအသင်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - စီစီတီဗွီ