Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှု ဆိုးဆိုးရွားရွားဖြစ်နေ
ပိုင်စိုး
·
April 28, 2016
မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့မှု ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာအဖွဲ့တွေရဲ့ ကူညီမှုနဲ့ LEARN အဖွဲ့က လေ့လာဆန်းစစ်ထားတဲ့ မြန်မာနိုင်ငံရဲ့ အာဟာရချို့တဲ့မှု အခြေအနေကို ဧပြီ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ အစာကနေ အာဟာရ လုံလုံလောက်လောက် မရတာနဲ့ ကူးစက်ရောဂါတွေက အာဟာရချို့တဲ့တာရဲ့ လတ်တလောအကြောင်းရင်းတွေ ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနဲ့ သုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မေခင်သန်းက “၅ နှစ်အောက် ကလေးတွေမှာ ပိန်လှီတဲ့နှုန်းက ၈ ရာခိုင်နှုန်းလောက် ရှိတယ်။ ကာလတာရှည် အာဟာရချို့တဲ့လို့ ပုညှက်တဲ့နှုန်းက ၅ နှစ်အောက် ကလေး သုံးယောက်မှာ တယောက်ဟာ ပုညှက်နေတယ်။ လတ်တလော အာဟာရချို့တဲ့တာနဲ့ ကာလရှည် အာဟာရချို့တဲ့တာ နှစ်ခုလုံးနဲ့ဆိုင်တဲ့ ကိုယ်အလေးချိန် လျော့တာကတော့ ၂၂ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ဗီတာမင်တွေချို့တဲ့တာ၊ အိုင်အိုဒင်းချို့တဲ့တာ၊ သွေးအားနည်းတာ စတာတွေကလည်း ပိုပြီးဖြစ်လာတယ်လို့ သူက ပြောပါတယ်။ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ရခိုင်ပြည်နယ်ဟာ အာဟာရချို့တဲ့လို့ ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်နေတာပါ။ LEARN အဖွဲ့ရဲ့ အာဟာရနဲ့ ပြည်သူ့ကျန်းမာရေးအကြံပေး မစ္စ ဂျနီဖာ ကေရှင် (Jennifer Cashin) က “ဟုတ်ပါတယ်။ ရခိုင်ပြည်မှာ ပင်လယ်အစားအစာ ပေါများတာ မှန်တယ်။ ဒါပေမယ့် ဆားငန်ရေ၀င်ရောက်လို့ အသီးအရွက်တွေ ရှားပါးတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ပဲအမျိုးမျိုးရဖို့ ခက်တယ်။ ပြီးတော့ ကျန်းမာရေးဌာနကို သွားဖို့ခက်တယ်။ ဒီလို ရှားပါးတာတွေကို ထပ်လောင်းဖြစ်စေတာကတော့ ပဋိပက္ခတွေရယ်၊ မုန်တိုင်းတွေရယ်ပါ” လို့ ပြောပါတယ်။ လျော့ပါးဖို့အတွက်ကတော့ တနိုင်ငံနဲ့တနိုင်ငံ မတူပါဘူးလို့လည်း သူက ဆက်ပြောပါတယ်။ မြန်မာနိုင်ငံမှာ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ၁၉၅၄ ခုနှစ်က စတင်ခဲ့တာဖြစ်လို့ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024